ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ ကျန်းမာရေးတို့အတွက် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း တစ်ခုခုတော့ ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုလျော့နည်းကာလန်းဆန်းပေါ့ပါးပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုရရှိစေမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ Gym သွားဖို့လည်း အချိန်မရှိဘူးလို့ ငြီးနေကြတဲ့သူတို့အတွက် ရေချိုးခါနီး ပြုလုပ်ရမယ့် အိမ်တွင်းလေ့ကျင်းခန်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) ထိုင်ထလေ့ကျင့်ခန်း

ထိုင်ထလေ့ကျင့်ခန်းဟာ ဘယ်ပစ္စည်းကိရိယာမှ အသုံးပြုစရာ မလိုပဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ အိမ်တွင်းလေ့ကျင့်ခန်း တစ်ခုပါ။ အဓိကအားဖြင့် ခြေသလုံး၊ ပေါင်နဲ့ တင်ပါးနေရာက ကြွက်သားတွေ သန်မာလာစေမှာဖြစ်ပါတယ်။

လက်နှစ်ဖက်ကို အရှေ့ဘက်ဆန့်ထုတ်ပြီး ပေါင်နဲ့ တင်ပါးနေရာက ကြွက်သားတွေကို အဓိကအားပြုကာ ထိုင်ထပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်ကျော့လျှင် အကြိမ် (၂၀) နဲ့ လေးကျော့ပြုလုပ်ပေးပါ။

(၂) ဒိုက်ထိုးလေ့ကျင့်ခန်း

ဒိုက်ထိုးလေ့ကျင့်ခန်းကတော့ အမျိုးသားတွေနဲ့ ပိုပြီး ရင်းနှီးတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ ရင်အုပ်၊ လက်မောင်နဲ့ ပုခုံးတဝိုက်က ကြွက်သားတွေကိုအဓိက အသုံးပြုပြီးပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်ရာမှ ခါးကိုမတ်မတ်ထားပြီး လက်မောင်းကြွက်သားတွေကို အသုံးပြုကာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ (၁၅) ကြိမ် လေးခေါက်ပြုလုပ်ပေးရပါမယ်။

(၃) အိပ်ထမတင်လေ့ကျင့်ခန်း

အိပ်ထမတင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် ဝမ်းဗိုက်တဝိုက်က အဆီပိုတွေ ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး နေ့စဉ်ပြုလုပ်မယ်ဆိုပါက ဗိုက်ချပ်လှပကာ ကြွက်သားတွေတောင်ထွက်လာနိုင်မှာဖြစ်ပါတယ်။

အဆိုပါ လေ့ကျင့်ခန်းပြုလုပ်ရာမှာတော့ အဓိကအားဖြင့် ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ကာအိပ်ထမတင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ (၂၀) လေးခေါက်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၄) ကြိုးခုန်လေ့ကျင့်ခန်း

ကြိုးခုန်လေ့ကျင့်ခန်းဟာ လွယ်လွယ်ကူကူနဲ့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းနှုန်းလည်း ပိုများတာကြောင့် ကိုယ်အလေးချိန်လျော့နေတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။

ကြိုးခုန်လေ့ကျင့်ခန်းကတော့ အဓိကအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေသန်မာလာစေမှာဖြစ်ပြီး ခြေသလုံးနဲ့ ပေါင်ရင်းက ကြွက်သားတွေအတွက် အရမ်းကိုအထောက်ကူဖြစ်စေပါတယ်။

ကြိုးခုန်လေ့ကျင့်ခန်းကတော့ အရမ်းလည်းမြန်စရာမလိုဘဲ မှန်မှန်နဲ့ စည်းချက်ကျကျ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ (၃၀) လေးခေါက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။