ခန္ဓာကိုယ်က အဆီပိုတွေကို ယူပစ်သလို ကျချင်တဲ့ ပျိုမေလေးတွေအတွက် ၄ပတ်အတွင်း သိသာစွာ ပြောင်းလဲသွားစေမယ့် လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက်အဆီတွေ ကျစေပြီး ခြေသလုံးနဲ့ ပေါင်လုံးတွေကို ကျစ်လျစ်စေကာ တင်ပါးလေးကိုလည်း ကိတ်စေမှာပဲ့ ဖြစ်ပါတယ်။

တင်ပါးမြှောက် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း ပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးဘက်မှာ ထားထားပြီး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်းချဲထားပြီး ဒူးကွေးထားပါ။ ထို့နောက် ပုံပါအတိုင်း တင်ပါးကို မြှောက်လိုက်ပါ။ ပုခုံးကနေ ဒူးခေါင်းအထိ မျဉ်းစောင်းအဖြောင့်ပုံသဏ္ဍာန်ဖြစ်နေရပါမယ်။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် တောင့်ထားပြီးမှ မူလအနေအထားအတိုင်းပြန်နေပါ။ ၁၀ ကြိမ်၊ ၂ ကြော့စီ ပြုလုပ်ရပါမယ်။

အလေးတုံး အပေါ်မြှောက် လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ချဲထားပါ။ အလေးတုံးနှစ်ခုကို အသင့်အနေအထားအတိုင်း ကိုင်မြှောက်ထားပါ။ ထို့နောက် လက်မောင်းကို အပေါ်မြှောက်လိုက်၊ အောက်ချလိုက်နဲ့ တစ်လှည့်စီ ပြုလုပ်ပေးပါ။ ၁၂ ကြိမ်၊ ၂ ကြော့စီ ပြုလုပ်ပေးပါ။ အလေးတုံး မရှိပါက ရေဘူးအကြီးထဲ ရေထည့်ကာ လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။

ကြိုးခုန်ခြင်း

ကြိုးခုန် လေ့ကျင့်ခန်းကိုတော့ မိန်းကလေးတိုင်း လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ၁၀ ကြိမ်၊ ၂ ကြော့စီ ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကအဆီတွေနဲ့ ပေါင်လုံးနဲ့ ခြေသလုံးက အဆီပိုတွေကို ကျစေမှာပဲဖြစ်ပါတယ်။

ခြေထောက်တစ်ဖက်ထောက် လေ့ကျင့်ခန်း

အလေးတုံးနှစ်ခုကို ကိုင်ထားပါ။ ခြေထောက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် ညာခြေကို အရှေ့သို့ လှမ်းထုတ်လိုက်ပြီး ဒူးကွေးလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်မတ်တပ်ရပ်ပါ။ ဘယ်ညာ တစ်လှည့်စီပြုလုပ်ပါ။ ဘယ်ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး ၁၀ ကြိမ် ၂ ကြော့ ပြုလုပ်ပါ။

ခြေထောက်မြှောက် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း ပြုလုပ်တဲ့ဖျာပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်ကို ပုံပါအတိုင်း ဦးခေါင်းပေါ် မြှောက်ထားပါ။ ထို့နောက် ခြေထောက်ကို ပုံပါအတိုင်း ထောင့်မှန်ကျအောင် မြှောက်ထားလိုက်ပါ။ ထို့နောက် ဖြည်းဖြည်းချင်းစီ ခြေထောက်ပြန်ချပါ။ ကြမ်းပြင်နဲ့ ခြေထောက်နဲ့ မထိကပ်ပါစေနဲ့။ စစချင်းပြုလုပ်တဲ့အချိန်မှာတော့ ၁၂ ကြိမ်ပြုလုပ်ပါ။ နောက်ပိုင်း တဖြည်းဖြည်းကျင့်သားရလာတဲ့အခါ အကြိမ်ရေ တိုးပြီး ပြုလုပ်ပေးပါ။

အလေးတုံး ဘေးမြှောက်လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ လက်နှစ်ဖက်က အလေးတုံး ကိုင်ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးတိုက် အပေါ်မြှောက်လိုက်ပါ။ မြှောက်လိုက်တဲ့လက်နဲ့ ပုခုံးနဲ့ တစ်တန်းတည်းကျနေရပါမယ်။ စစချင်းမှာ ၁၀ ကြိမ် ပြုလုပ်ပြီး တဖြည်းဖြည်းကျင့်သားရလာတဲ့အခါ အကြိမ်ရေတိုးပြီး ပြုလုပ်ပေးလိုက်ပါ။

Source: Brightside.me