အဖျားတွေဖွာပြီး ခြောက်သွေ့နေတတ်တဲ့ဆံသားကြောင့် စိတ်ညစ်နေရတဲ့သူတွေရှိလား။ ဆံသားခြောက်သွေ့တာက ဆံသားတွင်းအဆီ ထုတ်လုပ်မှုနည်းတာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာတွေကြောင့်အဖြစ်များပြီး ဒါကိုပြုပြင်ဖို့ မှန်ကန်တဲ့ဆံသားထိန်းသိမ်းနည်း ဆောင်ရန်၊ ရှောင်ရန်တွေ သိထားဖို့လိုပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ ဆံသားခြောက်သွေ့လွယ်တတ်တဲ့သူတွေအတွက် ဆံပင်နဲ့ပက်သက်ပြီး သတိထားပေးရမယ့်အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ဆံသားကိုခဏခဏ အပူနဲ့ပုံသွင်းတာ


အပူနဲ့ ခဏခဏထိတာက ဆံသားခြောက်သွေ့ပြီး ပျက်စီးလွယ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ ခြောက်သွေ့တတ်တဲ့သင့်ဆံသားကို ပိုကြည့်ရဆိုးစေမှာဖြစ်လို့ အပူချောင်းတွေနဲ့ ဆံသားပုံသွင်းတာ၊ နေပူထဲ အကာအကွယ်မပါဘဲ ထွက်တာကိုရှောင်ပြီး Hair Dryer ကိုလည်း တစ်ခါတစ်ရံလိုအပ်မှ အပူလျှော့ထားပြီး သုံးတာမျိုး လုပ်သင့်ပါတယ်။

၂။ Chemical များတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တာ


ဆံပင်ကောက်ဆေး၊ ဖြောင့်ဆေးနဲ့ ဆိုးဆေးတွေမှာ Chemical ပါဝင်မှုများတာမို့ ဒီလိုပစ္စည်းတွေနဲ့ ခဏခဏထိတွေ့တာက ရေရှည်အတွက်မကောင်းပါဘူး။ သင့်ဆံသားကို ပုံမှန်ထက်ပိုခြောက်သွေ့ပြီး ဆံပင်အကျွတ်လည်းများစေမှာပါ။ ဆံသားခြောက်သွေ့တာ သက်သာဖို့ သင့်ဆံသားကို DIY လို သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ထုတ်ကုန်တွေအသုံးပြုပေးပါ။

၃။ ခေါင်းခဏခဏလျှော်တာ


ခေါင်းလျှော်တာများလွန်းရင်လည်း ဆံသားတွင်းအစိုဓာတ်နဲ့ သဘာဝအဆီတွေ လွယ်လွယ်နဲ့ဆုံးရှုံးစေပါတယ်။ တစ်ပတ်မှာနှစ်ကြိမ်ထက်ပို ခေါင်းလျှော်တာကိုရှောင်ပြီး ဆံသားအရမ်းစေးကပ် ရှုပ်ပွနေတာမျိုးမဖြစ်အောင် ပုံမှန်လေးခေါင်းဖြီးပေးပါ။

၄။ နေပူထဲအချိန်အကြာကြီးထွက်တာ

Photo Source: unsplash.com

ဆံပင်ခြောက်သွေ့တတ်တဲ့သူတွေအနေနဲ့ နေပူထဲအချိန်ကြာကြာထွက်တာမျိုးကိုရှောင်ပေးပါ။ ဆံသားကိုကာကွယ်ဖို့ ဦးထုပ် ဒါမှမဟုတ် ထီးကို မဖြစ်မနေဆောင်းပေးသင့်ပါတယ်။

၅။ ဆံပင်ကို လေတိုက်ခံတာ


ဆံနွယ်လေးတွေ လေပေါ်ဝေ့နေတာမျိုးက ကြည့်လို့လှပေမယ့် တကယ်တမ်း သင့်ဆံသားနဲ့ဦးရေပြားပေါ်က အစိုဓာတ်တွေဖယ်ရှားမိသလို ဖြစ်စေပါတယ်။ ဒါကြောင့် လေအရမ်းတိုက်တဲ့နေရာတွေမှာ ဆံပင်စည်းထားတာ၊ ဦးထုပ်ဆောင်းထားတာမျိုးလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar