မင်္ဂလာပါ ပျိုမေတို့ရေ။ ဆယ်ကျော်သက်အရွယ် ပျိုမေတို့ရဲ့အသားအရေက နုနယ်သေးတာမို့ မိတ်ကပ်ထူထူတွေ မလိမ်းတာ အကောင်းဆုံးပါပဲ။ မလိုအပ်ဘဲ မိတ်ကပ်များများလိမ်းမိတဲ့အခါ အသားအရေလည်း ထိသလို လိမ်းနည်းအမှားတွေသုံးမိရင် ရှိရင်းစွဲထက် အသက်ကြီးသွားသလိုမြင်ရမှာပါ။

ဒီလိုမဖြစ်ရအောင် ဆယ်ကျော်သက်ကျောင်းသူအရွယ်လေးတွေ Everyday မိတ်ကပ်အတွက် ပေါ့ပေါ့ပါးပါးပြင်ဆင်နိုင်မယ့် မိတ်ကပ် Look ပြင်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ရှင်းရှင်းလေးနဲ့ ပန်းရောင်နုနုသမ်းပြီး ကြည့်လိုက်တာနဲ့ မျက်စိအေးကာ ချစ်စရာကောင်းနေမှာမို့ လိုက်ပြင်ကြည့်ဖို့ မမေ့ပါနဲ့နော်။

ပထမဆုံး မိတ်ကပ်မလိမ်းခင် Skincare အနေနဲ့ Moisturizing Cream နဲ့ Sunscreen စလိမ်းပေးပါမယ်။

ပြီးနောက် Foundation ကိုတော့ CC Cream လေးသုံးပြီး ခပ်ပြေပြေလိမ်းပေးလိုက်ပါ။

CC လိမ်းပြီးတဲ့အခါ မျက်ကွင်း၊ နှာတံဘေး၊ ပါးစောင်နားက အမဲစက်ရှိတဲ့နေရာတွေ၊ အသားရောင်မညီတဲ့နေရာတွေမှာ Concealer အစက်လေးတွေချရင်း ဖုံးပါမယ်။

နောက်ထပ်တစ်ဆင့်အနေနဲ့ မျက်ခုံးမွှေးဆွဲပေးပါ။ ကိုယ့်မျက်ခုံးလမ်းကြောင်းအတိုင်း ပြေပြေလေး ဖြည့်ဆိုးရုံပါပဲ။

Eye Makeup အတွက်တော့ မျက်ခွံအပေါ်အောက် အသားရောင် Base လေးခံပြီး အပေါ်က အညိုရောင်လေးထပ်ကာ နှာတံအထိ ဖော်ပြီး ဆိုးပေးလိုက်ပါ။ ပြီးရင်တော့ လက်ချောင်းလေးနဲ့ ညီအောင်လိုက်ညှိပါမယ်။ သဘာဝဆန်ဆန် မိတ်ကပ် Look လေးမို့ အရောင်သိပ်မပေါ်တာလေးပဲ သုံးထားပါမယ်နော်။

Eye Liner ကိုတော့ ဆိုးထားမှန်းမသိသာအောင် ပြေပြေလေးပဲကော့ပြီး အောက်ဘက်ကိုပါ မှိန်မှိန်လေး ထည့်ဆွဲလိုက်ပါမယ်။

ပြီးရင်တော့ မျက်တောင်ကော့တံနဲ့ မျက်တောင်လေးကော့ပေးလိုက်ပါ။ တစ်ချောင်းချင်းကော့ကော့လေးဖြစ်အောင် မျက်ခုံးဖြီးတံနဲ့ မျက်တောင်ကိုရော မျက်ခုံးကိုပါ အပေါ်ကို ကော့ဖြီးပေးလိုက်ပါမယ်။ Mascara နဲ့ပါ ထပ်ကော့ပေးပါ။

နောက်ဆုံးပိတ်အနေနဲ့ အောက်မျက်ခွံနှစ်ဖက်ကို လက်ချောင်းလေးနဲ့ Glitter ပါးပါးလေးထည့်ပေးလိုက်ပါမယ်နော်။

ဒီအဆင့်ကတော့ အဆီပြန်တတ်တဲ့သူတွေအတွက်ပါ။ အဆီကြောင့် မိတ်ကပ်နေရာရွေ့တာမျိုးမဖြစ်ရအောင် အပေါ်က Translucent ပေါင်ဒါလေး ပုတ်ပေးလိုက်ပါမယ်။

နှုတ်ခမ်းနီလေးကိုတော့ အရမ်းမရင့်တဲ့ သဘာဝဆန်ဆန်ကာလာလေးတွေရွေးဆိုးပါမယ်နော်။ ပုံထဲကလို လိမ္မော်ညိုဘက်သွားတဲ့ ကာလာငြိမ်ငြိမ်လေးကို အောက်ခံထားဆိုးပါ။ အပေါ်က Gloss လေးနဲ့ တွဲဆိုးလိုက်ပါမယ်။ အပေါ်ဆုံးကတော့ Shade အရမ်းမကွာတဲ့ Matte နှုတ်ခမ်းနီလေးဖြည့်ပြီး ဆိုးလိုက်ရုံပါပဲ။

ပါးနီကိုတော့ Brush ပါးပါးလေးနဲ့ ပါးမို့လေးတွေပေါ်မှာ ခပ်ဖျော့ဖျော့လေး ထည့်ပေးပါနော်။

မျက်နှာလေးပို Glow သွားအောင် နှာတံ၊ မျက်ခွံနားတွေမှာ Shimmer လေးထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကျောင်းသူလေးတွေအတွက် ၁၅ မိနစ်လောက်နဲ့ ပေါ့ပေ့ါပါးပါးပြင်ဆင်နိုင်မယ့် ချစ်စရာ Everyday Makeup Look လေးကို ပိုင်ဆိုင်သွားပါပြီနော်။

Photo Source: Youtube

By MyStyle Myanmar