မိန်းကလေး အများစုက ရွဲ့ရတာ၊ ဘုကလန့်လုပ်ရတာတွေကို အရမ်းသဘောကျကြတယ်လို့တောင် ပြောလို့ရပါတယ်။ တချို့ကျတော့ အချော့ခံချင်လို့ သူတို့ကိုချစ်တဲ့သူတွေအပေါ်မှာ ဆိုးတတ်ကြပါတယ်။ ဒါကြောင့် ယောင်္ကျားလေးတိုင်း အဓိပ္ပါယ် ပြောင်းပြန်ကောက်တတ်ဖို့လိုတဲ့ မိန်းကလေးတွေရဲ့စကား ၄ ခွန်းကို ပြောပြပေးလိုက်ပါတယ်။

လုပ်ချင်တာလုပ်ဘာမှမပြောတော့ဘူး

မိန်းကလေးအများစုက စိတ်ဆိုးစိတ်ကောက်ကြပြီဆိုရင် လုပ်ချင်တာလုပ် ဘာမှမပြောတော့ဘူး ဆိုတဲ့စကားကို အမြဲပြောလေ့ရှိပါတယ်။ အဲ့လိုပြောတိုင်း ကြိုက်တာလုပ်လို့ရပြီလို့ တကယ်ထင်နေရင်တော့ အမှားကြီးမှားသွားမှာပါ။ တကယ်သာ လုပ်ချင်တာလုပ်လိုက်မိလို့ကတော့ ပြဿနာကပိုဆိုးသွားပြီး ပြတ်မယ်လို့ပြောတာတောင် ခံရနိုင်ပါတယ်။

ဘာမှမဖြစ်ဘူး

မိန်းကလေးတွေ ဘာမှမဖြစ်ဘူးလို့ပြောရင် အရမ်းဖြစ်နေပါတယ်။ အသားကုန်သာ ချော့ပါတော့။ ဘာမှမဖြစ်ဘူးပြောတာကို တကယ်ထင်ပြီး မချော့ပဲထားလိုက်ရင်၊ ဆက်မရှင်းပြတော့ရင် ပိုဆိုးသွားပါလိမ့်မယ်။ ပိုတောင်စိတ်ဆိုး၊ စိတ်ကောက်သွားပါလိမ့်မယ်။ ဒါကြောင့် ဘာမှမဖြစ်ဘူးပြောရင် ဘယ်လိုချော့ရမလဲသာ စဉ်းစားပါတော့။

မဆက်သွယ်နဲ့တော့

မဆက်သွယ်နဲ့တော့လို့ပြောတိုင်း တကယ်မဆက်သွယ်ပဲနေရင်တော့ အမှုကပိုကြီးသွားပါလိမ့်မယ်။ မိန်းကလေးတွေက အဲ့လိုပြောပြီးတိုင်း ကိုယ့်ကိုဘယ်တော့ ဆက်သွယ်လာမလဲ၊ ဘယ်လိုလာချော့မလဲဆိုပြီး မျှော်နေကြတာပါ။ မဆက်သွယ်နဲ့တော့ဆိုပြီး ဖုန်းစက်ပိတ်ထားရင်တောင်မှ ခဏခဏ ဖုန်းပြန်ဖွင့်ကြည့်ပြီး ဘယ်နှစ်ခါခေါ်ထားလဲဆိုတာကို ထိုင်တွက်နေတတ်တာ မိန်းကလေးတွေပါပဲ။

ဘာလုပ်လုပ်စိတ်မဝင်စားတော့ဘူး

ဘာလုပ်လုပ် စိတ်မဝင်စားတော့ဘူးလို့ ပြောလိုက်တိုင်း ကိုယ်လုပ်ချင်တာလုပ်လို့ရပြီ၊ လွတ်လပ်ရေးရသွားပြီလို့ မထင်လိုက်ပါနဲ့။ အဲ့လိုပြောပြီးရင်လည်း ဘာတွေလုပ်နေလဲ စောင့်ကြည့်နေကြတာပါ။ နည်းနည်းလောက် မဟုတ်တာလုပ်မိတာနဲ့ ပြဿနာထပ်တက်မှာပါ။

ဒါကြောင့် မိန်းကလေးတွေပြောရင် ဒဲ့မတွေးပဲ အဓိပ္ပါယ်ပြောင်းပြန်ကောက်ဖို့လည်း မမေ့ပါနဲ့။