ဟိုးအရင်တုန်းကတည်းက မည်သူမဆို လိုက်နာထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လူ့ကျင့်ဝတ် စည်းမျဥ်းစည်းကမ်းတွေဆိုတာ ချမှတ်ထားပြီးသားပါ။ ဒါပေမယ့် အခုလို အရာရာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာတော့ တချို့စည်းမျဥ်းတွေက ပျောက်ပျက်လာပြီး နေပုံထိုင်ပုံတွေလည်း ပြောင်းလဲလာ ပါတယ်။ သို့သော်လည်း အနေအထိုင် သပ်ရပ်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို သေချာသိစေနိုင်တဲ့ အသေးစိတ်အချက်လေးတွေကို မေ့ထားလိုက်လို့ မရပါဘူး။

ဒါကြောင့် ကိုယ့်စရိုက်၊ ကိုယ်ကြိုက်သလိုနေထိုင်တာက လူတစ်ယောက်ရဲ့လွတ်လပ်မှုဆိုပေမယ့်လည်း လူအများနဲ့ဆက်ဆံတဲ့အခါ၊ တခြားလူတွေနဲ့ ရောထွေးပြီးနေရတဲ့အခါတွေမှာ ကိုယ့်ဆီတန်ပြန်ရိုက်ခတ်မလာစေဖို့အတွက် အစောကတည်းက ဘယ်လိုမျိုးဆင်ခြင်နေထိုင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ ခုံကိုနောက်မှီပြီး မထိုင်ပါနဲ့

မိန်းကလေးတစ်ယောက် စားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်ချိန်မှာ ခုံကိုအနောက်ကိုမှီပြီး မထိုင်သင့်ပါဘူး။ ကိုယ့်ရဲ့နောက်ကျောနဲ့ နောက်မှီကြားထဲမှာ နေရာချန်ထားပြီးတော့ ခါးကိုမတ်မတ်ထိုင်ပေးသင့်ပါတယ်။ အခုလိုမျိုးထိုင်ပေးခြင်းက မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ကို ကြည့်ကောင်းစေတဲ့ အပြင် ဗိုက်ပူခါးတုတ်မှာကြောက်တဲ့ ပျိုမေများအတွက်လည်း အင်မတန်အသုံးဝင်ပါတယ်။

၂။ အလုပ်လုပ်ဖို့အတွက် ဝန်မလေးပါနဲ့

အမျိုးသမီးကောင်းတစ်ယောက်ဟာ ပင်ပင်ပန်းပန်းလုပ်ရမယ့်အလုပ်တွေ လုပ်ဖို့အတွက်ကိုလည်း ဝန်မလေးပါဘူး။ ဥပမာပေးရမယ်ဆိုရင် စစ်ပွဲတွေ ဖြစ်နေချိန်တုန်းက မြို့စားကတော်နှင့် ဧကရီဘုရင်မတို့ဟာ ဆေးရုံတွေကို နေ့တိုင်းသွားရောက်လည်ပတ်ကြီးပြီး ဒဏ်ရာရနေတဲ့ လူနာတွေကို သူမကိုယ်တိုင် ပတ်တီးလဲပေး၊ ဆေးထည့်ပေး ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အခုလိုခေတ်မှာဆိုရင် ကိုယ်တွေလိုသာမန်အမျိုးသမီးတွေအနေနဲ့ ဥယျာဥ်ပန်းမန်တို့လို မြေကြီးနဲ့ထိတွေ့ရမယ့် အလုပ်တစ်ချို့လုပ်ဖို့ကိုတောင် ဝန်မလေးသင့်ပါဘူး။

၃။ မိတ်ကပ်ဆိုင်ရာ စည်းမျဥ်းများကို လိုက်နာပါ

အိုင်းရှဲဒိုးမည်းမည်း နှုတ်ခမ်းနီရဲရဲတို့က အမျိုးသမီးကောင်းတစ်ယောက်ရဲ့မျက်နှာပေါ်မှာ နှစ်ခုပေါင်းပြီးတော့ ဘယ်တော့မှမတွေ့ရတတ်ပါဘူး။ ကိုယ်ကဒီလိုလိမ်းရတာကို သဘောကျတယ်ဆိုရင် တစ်ခုဆီသပ်သပ်လိမ်းခြယ်ပါ။

၄။ ဖုန်းကိုစားပွဲပေါ်မတင်ပါနဲ့

ခေတ်သစ်ပျိုမေတစ်ယောက်အနေနဲ့ လူအများသွားလာနေတဲ့ ကော်ဖီဆိုင် သို့မဟုတ် စားသောက်ဆိုင်လိုနေရာမျိုးတွေရောက်တဲ့အခါ ဖုန်းကို စားပွဲပေါ်မတင်သင့်ပါဘူး။ ဖုန်းထဲက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအချက်တွေကို တခြားလူမသိအောင် ကွယ်ဝှက်ထားနိုင်သလို တစ်ဖက်လူနဲ့ စကားပြောနေချိန်မှာ ဖုန်းကိုအာရုံရောက်မသွားအောင်လည်း ကာကွယ်ရာရောက်ပါတယ်။

၅။ Message ပြန်တာနဲ့ပတ်သက်တဲ့ စည်းမျဥ်းလေးတွေကို သိထားပါ

အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ဆီကိုရောက်လာတဲ့ စာတွေကို ချက်ချင်းမပြန်သင့်တဲ့အကြောင်းအရင်း ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကိုယ့်မှာလည်း တခြားလုပ်စရာအလုပ်တွေရှိသေးတယ်ဆိုတာကို တဖက်လူကို သဘောပေါက်နားလည်စေသလို ဒုတိယအချက်ကတော့ အင်မတန် အရေးကြီးနေတယ်ဆိုရင် စာပို့မယ့်အစား ဖုန်းခေါ်ပါလိမ့်မယ်။ သို့သော်လည်း မိနစ် ၂၀ ထက် နောက်ကျပြီးတော့ စာပြန်တာနောက်မကျပါစေနဲ့။ ဒီ့ထက်နောက်ကျသွားမယ်ဆိုရင် တစ်ဖက်လူကို မလေးစားရာကျပါတယ်။

၆။ ခါးမထောက်ပါနဲ့

အနုပညာရှင်တွေအနေနဲ့တော့ တစ်ခါတစ်လေမှာ ခါးထောက်ပြီးပို့စ်ပေးရမယ့်အချိန်တွေကို ဘယ်လိုမှရှောင်လွှဲလို့မရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင် အတတ်နိုင်ဆုံး ခါးထောက်တာကိုရှောင်ပြီးတော့ လက်နှစ်ဖက်ကို အရှေ့မှာထားတာက လူ့ကျင့်ဝတ်နဲ့ပိုပြီးကိုက်ညီပါတယ်။

၇။ ပုံကြီးချဲ့ပြီး ကျေးဇူးတင်စကား မဆိုပါနဲ့

ကိုယ့်အပေါ်ကူညီပေးလို့၊ ကိုယ်ကကျေးဇူးတင်လို့ တစ်ဖက်လူကို ကျေးဇူးတင်ကြောင်းပြောဆိုရာမှာ လိုတာထက် ပိုပြီးမပြောသင့်ပါဘူး။ ကိုယ်ပြောချင်တာကို ထိထိမိမိနဲ့ တိုတိုရှင်းရှင်းပြောဖို့ လိုအပ်ပါတယ်။ အပိုစကားတွေထည့်ပြီး ပြောလိုက်မိမယ်ဆိုရင်တော့ တဖက်လူအနေနဲ့ ကိုယ်ကျေးဇူးတင်စကားပြောချင်တာလို့မထင်တော့ဘဲ သူ့ကိုမျက်နှာချိုသွေးနေတယ်လို့ ထင်သွားနိုင်ပါတယ်။

၈။ ကိုယ့်နာမည်မခေါ်သေးသရွေ့ လှည့်မကြည့်ပါနဲ့

အမျိုးသမီးကောင်းတစ်ယောက်ဟာ လမ်းမှာသွားလာနေတုန်း အနောက်ကနေ “ဟေး” ဆိုပြီး လှမ်းခေါ်တိုင်း လှည့်မကြည့်တတ်ပါဘူး။ ဒီလိုမျိုး ရိုင်းပျတဲ့အခေါ်အဝေါ်ဟာ တစ်ဖက်လူကိုမလေးစားရာရောက်ပြီး လျစ်လျူရှုရာကျပါတယ်။ နာမည်မသိလို့ ခေါ်မယ်ဆိုရင်တောင် “တဆိတ်လောက်” “ခဏလောက်ပါနော်” “စိတ်မရှိပါနဲ့” စသဖြင့် အစချီပြီး ခေါ်သင့်ပါတယ်နော်။

Credit: BrightSide