အတွေ့အကြုံရှိတဲ့ ခရီးသွားတွေဟာ ခရီးတစ်ခုထွက်တော့မယ်ဆိုရင် သူတို့သွားမယ့်နိုင်ငံရဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ ဓလေ့ထုံးတမ်းတွေ လည်စရာနေရာတွေကို အရင်ဆုံး လေ့လာထားတတ်ကြပါတယ်။ တကယ်လို့ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းတွေကို မသိရှိပဲ သွားလည်မယ်ဆိုရင် ပြဿနာတွေရှိလာနိုင်ပါတယ်။

ဥပမာ အိုကေဆိုတဲ့ သင်္ကေတ အသုံးပြုတာဟာ ပြင်သစ်နိုင်ငံမှာ စော်ကားတဲ့ အဓိပ္ပာယ်ရပါတယ်။ ပြီးတော့ ချီလီနိုင်ငံမှာ ဟမ်ဘာဂါကို လက်နဲ့စားရင် ဘယ်သူမှ သင့်အနားမှာ ထိုင်တော့မှာမဟုတ်ပါဘူး။ ဒီလိုမျိုးတွေ နိုင်ငံအနှံ့မှာရှိကြပါတယ်။

ဒီနေ့ ဆောင်းပါးမှာ ခရီးသွားတွေကို မျက်စိလည်သွားစေတဲ့ မတူညီတဲ့နိုင်ငံတွေဆီက ဓလေ့ထုံးတမ်းတွေကို ဖော်ပြပေးသွားမှာပါ။

(၁) ကိုးရီးယားနိုင်ငံမှာ ထမင်းစားရင် အသက်ကြီးတဲ့သူကို ဦးချတယ်

ကိုးရီးယားနိုင်ငံမှာ အသက်ကြီးတဲ့သူတွေ ထမင်းမစားခင် လူငယ်တွေ အရင်သွားစားလို့မရပါဘူး။ တကယ်လို့ သင်သာ ဒီစည်းမျည်းကို ချိုးဖောက်ခဲ့မယ်ဆိုရင် နောက်တခါ သင့်ကို ထမင်းစားဖိတ်တော့မှာ မဟုတ်ပါဘူး။ ပြီးတော့ ရေသောက်မယ်ဆိုရင်လည်း ကိုယ့်ဘေးနားမှာ ထိုင်နေတဲ့သူကို အရင်ဆုံးသောက်ဦးမလားလို့ မေးရပါတယ်။ ကိုရီးယားလူမျိုးတွေက တစ်ယောက်ခွက်ကိုတစ်ယောက် ဖြည့်ပေးတဲ့ဓလေ့ရှိကြတယ်။

(၂) ယိုးဒယားနိုင်ငံမှာ တခြားလူရဲ့ဦးခေါင်းကို ထိကိုင်ခွင့်မရှိဘူး

ထိုင်းနိုင်ငံသားတွေဟာ ဖော်ရွေမှုကိုပြဖို့အတွက် အမြဲလိုလိုပြုံးနေတတ်ကြပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံသားတွေကို ချက်ခြင်း စိတ်ဆိုးသွားစေနိုင်တဲ့ အရာတစ်ခုရှိနေပါတယ်။ ဒါကတော့ သူတို့ရဲ့ ဦးခေါင်းကို တမင်ရည်ရွယ်တာပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် သွားထိမိတာပါပဲ။ ဆံပင်ပုံစံပျက်သွားမှာစိုးလို့ မဟုတ်ပါဘူး။ သူတို့နိုင်ငံသားတွေက ဦးခေါင်းဟာ ဝိညာဉ်ရှိတဲ့နေရာလို့ ယူဆထားလို့ပါပဲ။

(၃) တိဗက်နိုင်ငံမှာ လျှာထုတ်ပြီး နှုတ်ဆက်ကြတယ်

နိူင်ငံတော်တော်များများမှာ တခြားလူတွေကို လျှာသွားထုတ်ပြရင် ရူးနေတယ်လို့ထင်ခံရမှာပါ။ အိန္ဒိယနိုင်ငံမှာတော့ ဒီလိုအပြုအမှုမျိုးကို ဒေါသထွက်တဲ့အချိန်မှာ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တိဗက်နိုင်ငံမှာတော့ လျှာထုတ်ပြတာက လေးစားမှုပြတာရယ် နှုတ်ဆက်တာရယ်အတွက် အသုံးပြုကြပါတယ်။ တိဗက်တွေရဲ့ ရိုးရာပုံပြင်တွေထဲက မကောင်းဆိုးဝါးတွေဟာ အမည်းရောင်လျှာတွေ ရှိကြတာပါ။ ဒါကို သူတို့က မကောင်းဆိုးဝါးတွေ မဟုတ်ဘူးဆိုတာကိုပြဖို့ လျှာကိုထုတ်ပြကြတာပါ။

(၄) ပြင်သစ်နိုင်ငံမှာ Lilies ပန်းပေးလို့ မရဘူး

နိုင်ငံတိုင်းနီးပါးမှာ ပန်းလက်ဆောင်ပေးတာကို လက်ခံကြပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာ လက်ဆောင်ပေးလို့မရတဲ့ ပန်းတွေရှိတာကိုတော့ သိထားရပါမယ်။ ဥပမာ ပြင်သစ်နိုင်ငံမှာ Lilies ပန်းနဲ့ ဂန္ဓာမာပန်းတွေကို အသုဘအတွက်သာ အသုံးပြုကြပါတယ်။ ဒါပေမယ့် အီတလီနိုင်ငံမှာတော့ Lilies ပန်းဟာ သူတို့နိူင်ငံရဲ့ အကြိုက်ဆုံးပန်းဖြစ်နေပါတယ်။ နောက်တစ်ခုက မက်စီကို နိုင်ငံမှာဆိုရင် နှင်းဆီပန်းအဝါတွေကို လူသေတွေအတွက်သာ အသုံးပြုကြပါတယ်။

(၅) Austria နိုင်ငံမှာ ပိုက်ဆံမရှင်းပဲ စားသောက်ဆိုင်ကနေ ထွက်သွားလို့ရတယ်

ကမ္ဘာ့နိုင်ငံတော်တော်များများရဲ့ စားသောက်ဆိုင်တွေမှာ ဘောက်ဆူးကို ဘေလ်ရှင်းတဲ့အခါမှာ ထည့်တွတ်ထားလေ့ရှိကြပါတယ်။ ချက်၊ ပြင်သစ်နဲ့ စပိန်နိူင်ငံတွေမှာ ပျမ်းမျှ ၁၀-၁၅% ထိ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတိုင်းမှာတော့ မဟုတ်ပါဘူး။

တချို့နိုင်ငံတွေမှာ ဝန်ဆောင်မှုကောင်းတဲ့ ဝန်ထမ်းတွေကိုပဲ ဘောက်ဆူးပေးကြတာပါ။ Austria မှာတော့ စည်းမျဥ်းတစ်ခုရှိပါတယ်။ စားသုံးသူတွေက ဘေလ်ရှင်းဖို့ သုံးခါတိတိပြောတာတောင် ဘေလ်စာရွက်ရောက်မလာသေးရင် ပိုက်ဆံမရှင်းပဲ စားသောက်ဆိုင်ကနေ ထွက်သွားလို့ရတာပါ။

(၆) တရုတ်လူမျိုးတွေက တခြားလူတွေပေးတဲ့ လက်ဆောင်ကိုလက်မခံခင် ၃ ခါလောက်ငြင်းလေ့ရှိတယ်

ဒါက လက်ဆောင်ကို မလိုချင်လို့ ငြင်းတာမဟုတ်ပါဘူး။ လူမှုရေးအရနဲ့ ယဉ်ကျေးမှုအရ ငြင်းခြင်းဖြစ်ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံမှာ ချွန်ထက်တဲ့ပစ္စည်းတွေ ဥပမာ ဓား (စုံတွဲတွေပြတ်ရတဲ့ လက္ခဏာ)၊ နာရီ နဲ့ လက်ကိုင်ပဝါ (အားသုဘမှာ ငိုတဲ့အချိန် အသုံးပြုတဲ့အတွက်ကြောင့်) တွေက လွဲရင် ကျန်တဲ့လက်ဆောင်ပစ္စည်းတွေ အကုန်နီးပါး ပေးလို့ရပါတယ်။

(၇) ဆော်ဒီနိုင်ငံက အမျိုးသားတွေက နှာခေါင်းချင်း ပွတ်ပြီးနှုတ်ဆက်ကြတယ်

ဆော်ဒီနဲ့ UAE နိုင်ငံတွေက အမျိုးသားတွေဟာ ပုံမှန်လက်ဆွဲနှုတ်ဆက်တာတွေအစား နှာခေါင်းချင်းပွတ်ကြပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ဒေသတွေအပေါ်မှုတည်ပြီး နှုတ်ဆက်ပုံမတူညီကြပါဘူး။ ပြင်သစ်နိုင်ငံ ပါရီမြို့သားတွေဟာ ပါးကို ၂ ကြိမ်နမ်းပြီး နှုတ်ဆက်ကြပြီးတော့ Corsica မှာဆိုရင်တော့ ၅ ခါထိ နမ်းလေ့ရှိကြပါတယ်။

Source: Bright Side