မင်္ဂလာပါ ပျိုမေတို့ရေ။ မနက်တိုင်း မိတ်ကပ်မလိုဘဲ သဘာ၀ မျက်နှာကြည်ကြည်လေးနဲ့ နိုးထနိုင်ဖို့ဆိုတာ ပျိုမေတိုင်းရဲ့ အိပ်မက်လိုပါပဲနော်။ ဒီလိုဖြစ်ဖို့အတွက် ညပိုင်း Skincare တွေက အဓိကကျတာကို ပျိုမေတို့ သိထားပြီးပြီလား။ ညမအိပ်ခင်မှာ ပုံမှန်လုပ်သင့်တဲ့ Skincare အဆင့်တွေ သိထားတာက မနက်ပိုင်းမှာ ထွေထွေထူးထူးပြင်စရာမလိုဘဲ မျက်နှာလေးကြည်လင်နေအောင် ကူညီပေးမှာပါ။ ဝက်ခြံ Breakout မထွက်အောင်ပါ ကာကွယ်ပေးနိုင်တာမို့ ကိုယ့်အသားအရေအလိုက် ညဘက်မှာ လိုအပ်တဲ့ Skincare အဆင့်တွေကို ကြည့်လိုက်ရအောင်နော်-

အဆင့် ၁ – မျက်နှာသန့်စင်ပါ


မျက်နှာမှာကျန်နေတတ်တဲ့ မိတ်ကပ်နဲ့ ဖုန်တွေပြောင်ဖို့ ညမအိပ်ခင် မျက်နှာသန့်စင်တဲ့အဆင့်က အရေးကြီးပါတယ်။ Skin Type တော်တော်များများနဲ့အဆင်ပြေပြီး အာနိသင်အရမ်းမပြင်းတဲ့ Cleanser တွေရွေးသုံးပေးပါ။

အဆင့် ၂ – Toner စလိမ်းပါမယ်


မျက်နှာသစ်ပြီးတာနဲ့ Toner စလိမ်းတာအကောင်းဆုံးပါပဲ။ Toner က အရေပြားသန့်စင်မှုပမာဏကို ညှိပေးပြီး မျက်နှာမှာကျန်နေနိုင်တဲ့ ဖုန်နဲ့ အညစ်အကြေးတွေကို လုံးဝပြောင်သွားစေတာမို့ သူ့ကို ဝါဂွမ်းစလေးနဲ့ စွတ်ပြီး မျက်နှာပေါ် ခပ်ဖွဖွပွတ်ဆွဲပေးပါ။ ရေဓာတ်ဖြည့်ပေးတဲ့ Toner သုံးမယ်ဆိုရင် လက်နဲ့တိုက်ရိုက်လိမ်းတာမျိုး လုပ်နိုင်ပါတယ်။

အဆင့် ၃ – Serum လိမ်းပါ


Serum ရဲ့ဖော်မြူလာက အမဲစက်၊ နေလောင်ကွက်တွေနဲ့ အရေးအကြောင်းတွေကို သက်သာစေတာမို့ သူ့ကိုညပိုင်းလိမ်းအိပ်တာက မနက်ခင်းမှာ အသားအရေတင်းတင်းအိအိလေး ဖြစ်နေအောင် ကူညီပေးမှာပါ။ Hyaluronic Acid ၊ Glycolic Acid ၊ Salicylic Acid နဲ့ Niacinamide စတဲ့အာနိသင်တွေပါဝင်တဲ့ ပစ္စည်းမျိုးကို ရွေးသုံးပေးပါ။ အသားထဲစိမ့်ဝင်အောင် Serum လိမ်းပြီးနောက် ခဏလောက်နေမှ နောက်တစ်ဆင့်ဆက်လိမ်းသင့်ပါတယ်။

အဆင့် ၄ – Moisturizer လိမ်းပါ


နောက်ထပ်အရေးကြီးတဲ့အဆင့်ကတော့ Moisturizer အဆင့်ပါ။ ညတိုင်း Moisturizer လိမ်းပေးတာက အရေပြားအစိုဓာတ်မဆုံးရှုံးဘဲ အသားအရေလေးနူးညံ့နေအောင် ကူညီပေးမှာပါ။ အဆီပြန်တတ်တဲ့သူတွေက Gel အမျိုးအစားကို ရွေးချယ်သင့်ပြီး အသားခြောက်တဲ့သူတွေကတော့ Cream အမျိုးအစား Moisturizer တွေသုံးတာ ပိုကောင်းပါတယ်။

အဆင့် ၅ – Face Oil လိမ်းနိုင်ပါတယ်


အစိုဓာတ်အတွက် Moisturizer လိမ်းရုံနဲ့လည်းလုံလောက်ပေမယ့် Face Oil တစ်ထပ် ထပ်လိမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်နော်။ သူက အိပ်နေတဲ့ချိန် အသားအရေအစိုဓာတ်ပြည့်နေအောင် ထိန်းပေးထားတာမို့ အသားအရမ်းခြောက်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။

အဆင့် ၆ – Eye Cream လိမ်းပါ


ငယ်သေးတဲ့အချိန်မှာတော့ Eye Cream သိပ်မလိုပေမယ့် အသက် ၂၀ ကျော်လောက်ကစပြီး ညတိုင်း Eye Cream ခပ်ပါးပါးလေး လိမ်းအိပ်တာ အကောင်းဆုံးပါပဲနော်။ မျက်တွင်းညိုတာ၊ မျက်အိတ် အရေးအကြောင်းပေါ်တာတွေကို လျှော့ချပြီးသားဖြစ်တာမို့ အသက်ရလာတဲ့အထိ အသားအရေတင်းရင်းနေစေမှာပါ။

အဆင့် ၇ – နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းအဆီလိမ်းပါ


နှုတ်ခမ်းသားလေး စိုပြေနေဖို့ကလည်း အရေးကြီးတာမို့ မအိပ်ခင် နှုတ်ခမ်းအစိုဓာတ်ရစေမယ့် Lip Balm နဲ့ Lip Mask လေးတွေ လိမ်းအိပ်သင့်ပါတယ်နော်။ ညတိုင်းလိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းနီတောင်မလိုဘဲ ပန်းရောင်သမ်းနေတဲ့ စိုစိုပြေပြေနှုတ်ခမ်းဖူးလေးကို ပိုင်ဆိုင်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar