မင်္ဂလာပါနော်။ မျက်နှာအသားအရေလေး ဖြူဝင်းနေစေဖို့ သဘာဝပေါင်းတင်နည်းတွေ အများကြီးကို MyStyle Myanmar ကနေ မျှဝေပေးနေပါတယ်။ ဒီတခါမှာတော့ သဘာဝနည်းလမ်းတစ်မျိုးနဲ့ ပေါင်းတင်ပြီး အသားအရေ အိုမင်းရင့်ရော်မှုကနေ ကာကွယ်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

ကြက်ဥအကာ ၁ လုံး

လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မုန်လာဥနီအရည်ကိုလည်း အစားထိုးသုံးနိုင်ပါတယ်။)

နနွင်းမှုန့်အနည်းငယ်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲမှာ ကြက်ဥအကာကိုအရင်ထည့်ပါ။ ပြီးရင် နနွင်းနဲ့ လိမ္မော်ရည်ထည့်ပြီးရောကာ သေချာမွှေပေးပါ။ အဲဒီနောက် အသားအရေခြောက်သွေ့တယ်ဆိုရင်ပျားရည်ထည့်ပါ။ ပုမှန်မသားအရေဆို မထည့်လည်းရပါတယ်။ ပြီးရင်တော့ သေချာထပ်မွှေပါ။

ဒါဆိုရင်သုံးလို့ရပါပြီနော်။ အရင်ဆုံး မျက်နှာကို ရေနွေးတယ်ဆိုရုံလောက်လေးနဲ့ မျက်နှာသစ်ပြီး တဘက်နဲ့ခြောက်အောင်သုတ်ပါ။ အဲဒီနောက် Brush (သို့) ဝါဂွမ်းစကိုယူပါ။ ပြီးရင်အဲဒါနဲ့ စောစောက ရောထားတဲ့အရည်တွေကို မျက်နှာပေါ်မှာလိမ်းပေးပါ။ မျက်ခုံးမွှေးနဲ့ မျက်လုံးနားတစ်ဝိုက်ကိုရှောင်လိမ်းပါ။ ၅ မိနစ်လောက်ထားပြီးရင် နောက်ထပ်တစ်ထပ် ထပ်လိမ်းပါ။ ပြီးရင် ၁၅ မိနစ်လောက်ထပ်ထားပါ။

အဲဒီနောက် တဘက်တစ်ခုကိုယူပြီး ရေနွေးနဲ့စိမ်လိုက်ကာ မျက်နှာပေါ်မှာလိမ်းထားတာတွေကို သုတ်ပေးလိုက်ပါ။ ပြီးရင် ရေနွေါ်တယ်ဆိုရုံလောက်လေးနဲ့ မျက်နှာသစ်ပေးပြီး Moisturizer လိမ်းပေးပါ။

ရေထားတဲ့အရည်တွေကျန်သေးတယ်ဆိရင် လေလုံတဲ့ ပုလင်းတစ်လုံးထဲထည့်ထားလို့ရပါတယ်။ ၅ ရက်ခံပါတယ်ရှင်။ ဒီမျက်နှာပေါင်းတင်နည်းကို ၁ ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။ ၁ လတိတိလုပ်ပေးပါ။

အကျိုးကျေးဇူးများ

ကြက်ဥအကာ

ကြက်ဥအကာ မှာ သဘာဝအတိုင်း ချွေးပေါက်လေးတွေကို ကျဉ်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝလို့ အသားအရေကို တင်းတင်းလေးဖြစ်စေပြီး အရေးကြောင်းဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဝက်ခြံနဲ့အမည်းစက်တွေကိုလည်း ဖယ်ရှားပေးပြီး အသားအရေလေး နုပျိုစေမှာဖြစ်ပါတယ်။

လိမ္မော်ရည်

လိမ္မော်ရည်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို သဘာဝအတိုင်း ဖြူဝင်းစေပါတယ်။ ဝက်ခြံလေးတွေပျောက်ကင်းဖို့လည်းကူညီပေးပြီး ပိုတက်ဆီယမ် ၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ပါဝင်လို့ အသားအရေကို ပြန်လည် နုပျိုစေပြီး ရေဓါတ်ဖြည့်တင်းပေးပါတယ်။

နနွင်း

နနွင်းမှာ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသားအရေပေါ် ဘက်တီးရီးယားကပ်ငြှိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။အသားနီခြင်း၊ ရောင်ရမ်းခြင်းကနေကာကွယ်ပေးပြီး သဘာဝအတိုင်းဖြူဝင်းစေပါတယ်။