အားလုံးပဲ မင်္ဂလာပါနော်။ ရာသီဥတုပူပေမယ့် ဆံပင်ညှပ်ရမှာနှမျောလို့ အရှည်ပဲထားမယ်ဆိုတဲ့ သူတွေရှိလား။ ဆံပင်အရှည်ကိုမှ အမြဲဒီတိုင်းပဲချထားတာက ပုံစံရိုးသလို နွေရာသီမို့ပိုပူပါတယ်။ ဒါပေမယ့် ဆံပင်အရှည်ရဲ့ ကောင်းတဲ့အချက်တစ်ခုက လိုချင်သလို ပုံပြောင်းနိုင်တာမို့ အရှည်ထားမယ်ဆို ပူတဲ့ရာသီနဲ့သင့်တော်မယ့် ဆံပင်စတိုင်လေးတွေ ပြင်ကြည့်တာအကောင်းဆုံးပါနော်။ ဒါကြောင့် ဒီတစ်ခေါက်မှာ နွေရာသီနဲ့လိုက်တဲ့အပြင် အချိန်သိပ်မပေးရဘဲ ကိုယ်တိုင်ပြင်လို့လွယ်မယ့် ဆံပင်ရှည်စတိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Baby Braids

ပုံသွင်းစရာမလိုတဲ့ ကျစ်ဆံမြီးအသေးလေးတွေက ပုံစံလေးဆန်းသလို မိန်းကလေးတိုင်းနဲ့လည်း လိုက်ပါတယ်နော်။ ဓာတ်ပုံရိုက်ရင်လည်းပေါ်တာမို့ နွေရာသီကမ်းခြေခရီးထွက်မယ့်သူတွေ ပြင်ကြည့်သင့်တဲ့ ဆံပင်ပုံလေးပါ။

၂။ Big Waves


ဆံပင်ရှည်က လိုသလိုပုံသွင်းနိုင်တာမို့ လှိုင်းတွန့်အကောက်ကြီးပုံစံလေး ပြောင်းကြည့်ပါနော်။ ဆံပင်အုံပိုထူသွားသလိုမြင်ရတာကြောင့် မျက်နှာလေးပိုသေးပုံပေါ်တဲ့အပြင် ဘယ်တော့မှမရိုးတဲ့စတိုင်လေးဆိုရင်လည်း မမှားပါဘူး။

၃။ Half Up Half Down


ဆံပင်အပြည့်မစည်းချင်ဘူးဆိုရင် ဒီလိုတစ်ဝက်စည်းလေးတွေ ပြင်ကြည့်ပါ။ မျက်နှာလည်းရှင်းသလို ရိုးရိုးစည်းထက် ပုံစံပိုဆန်းစေမှာပါ။

၄။ Braid With Caps


ကျစ်ဆံမြီးကျစ်ပြီး အပေါ်က ဦးထုပ်လှလှလေးတစ်ခု ဆောင်းလိုက်ပါ။ နေရောင်လည်းကာပြီးသားဖြစ်တဲ့အပြင် ထွေထွေထူးထူးပြင်ဖို့မလိုဘဲ ကြည့်ကောင်းစေမှာပါ။ ပူပေမယ့် ခေါင်းမလျှော်ဖြစ်တဲ့သူတွေအတွက် အနံ့မထွက်အောင် ကာပြီးသားလည်းဖြစ်ပါတယ်နော်။

၅။ Messy Bun


ရာသီဥတုပူတဲ့အချိန် ဆံပင်အဆီပြန်တတ်တဲ့သူတွေဆိုရင် မျက်နှာနဲ့မထိရအောင် ထုံးပေးတာပိုကောင်းပါတယ်။ ထုံးတဲ့အခါမှာ ဆံပင်ကိုတင်းနေအောင် ထုံးတာထက် လူငယ်ဆန်အောင် ခပ်လျော့လျော့ Messy Bun လးတွေထုံးဖို့အကြံပေးချင်ပါတယ်။ စည်းထားတဲ့ဆံပင်ကို ပတ်ထုံးလိုက်ရုံပဲမို့ လုပ်ရလည်းလွယ်မှာပါ။

၆။ High Ponytail


ဘယ်တော့မှမရိုးတဲ့ အမြင့်စည်းဆံပင်ပုံစံက ပူတဲ့ရာသီမှာ သင့်ကိုခေါင်းရှင်းပြီး အထာကျစေမှာပါ။ ကိုယ့် Outfit နဲ့ ခေါင်းစည်းကြိုးကာလာလေးတွေတွဲစပ်ပြီး စည်းရင် ပိုလှပါတယ်နော်။

၇။ Pigtails


Pigtails ဆံပင်နှစ်ခွစည်းပုံစံလေးကလည်း ဆယ်ကျော်သက်တွေနဲ့ အရမ်းလိုက်သလို ပိုနုသွားပုံပေါက်စေပါတယ်နော်။ ရိုးရိုးလည်းစည်းလည်းလှသလို ကျစ်ဆံမြီးနဲ့ ခွဲစည်းရင်လည်း ချစ်စရာကောင်းနေမှာပါ။ ဂုတ်လည်းရှင်းတာမို့ နွေရာသီနဲ့အရမ်းအဆင်ပြေပါတယ်။

Photo Source: Pinterest, preview.ph

By MyStyle Myanmar