ပိုကောင်းတဲ့၊ ပိုသာတဲ့ ဘဝမျိုးကို လူတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ ဇွဲကောင်းကောင်းနဲ့ အမြဲကြိုးစားသွားဖို့၊ လုပ်သွားဖို့ကိုတော့ လူအများစု ပျက်ကွက်တတ်ကြပါတယ်။ ဒါကြောင့်ပဲ လက်ရှိနေရာကနေ ပိုကောင်းတဲ့ နေရာမျိုးကို ရောက်ဖို့ နှေးကွေးနေကြတာပါပဲ။ သင်က လုပ်လိုက် ရပ်လိုက် စိတ်ဓာတ်ကျလိုက်နဲ့ ဖြစ်နေတယ်ဆိုရင်တော့ ဒီတစ်ခေါက်မှာ သင့်ကိုယ်သင် အပြစ်မတင်တော့ဘဲ အောက်ဖော်ပြပါ အချက်တွေကို ပြုလုပ်ကြည့်သင့်ပါတယ်။

၁။ ပြုံးပါ

သင်က ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ပထမဆုံး လုပ်နိုင်တဲ့ အလွယ်ကူဆုံးနည်းကတော့ ပြုံးတာပါ။ သင့်စိတ်ထဲ ပေါ်လာတဲ့အရာက သင် ပိုင်ဆိုင်မယ့် အရာဖြစ်ပါတယ်။ သင်လိုချင်တဲ့ ပျော်ရွှင်သောဘဝကို ပိုင်ဆ်ိုင်ဖို့ များများ ပြုံးသင့်ပြီး အပြုသဘောဆောင်တဲ့ အတွေးအခေါ်မျိုး များများတွေးပေးသင့်ပါတယ်။ အပြင်မှာ ပြုံးလိုက်တာက သင့်နှလုံးသားဆီ ကောင်းမွန်တဲ့ အတွေးတွေ ဝင်စေပါတယ်။

၂။ သင့်ဘဝကို အစီအစဉ်တကျ ထားပါ

ပိုတိုးတက်တဲ့ ဘဝကို ပိုင်ဆ်ိုင်ဖို့အတွက် သင့်စိတ်ကို ရှင်းလင်းထားဖို့ လိုပါတယ်။ ဒီလိုရှင်းလင်းနေဖို့အတွက် သင့်ဝန်းကျင်ကို အစီအစဉ်တကျ စီမံထားသင့်ပြီး သင့် အချိန်ဇယားကိုပါ အစီအစဉ်တကျ ထားသင့်ပါတယ်။ ဘဝကို အစီအစဉ်တကျ ရေးဆွဲထားတာက သင့်ကို အလုပ်ပိုပြီးစေပြီး ပိုတော်လာစေပါတယ်။

၃။ စာအုပ်ဖတ်ပါ

ဘဝကို တိုးတက်စေတဲ့ စာအုပ်တွေက သင့်ဘဝအတွက် အထောက်အကူ ဖြစ်စေပါတယ်။ စာအုပ်ကောင်းတွေက သင့်အတွေးအခေါ်တွေကို ပြောင်းလဲစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးလာစေပါတယ်။ ဒါ့အပြင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကိုပါ ပိုတိုးတက်စေပါလိမ့်မယ်။

၄။ ခရီးသွားပါ

ခရီးသွားတာက သင့်အကြောင်းကို ပိုသိလာစေပါတယ်။ သင့်ကိုယ်သင် ရှာတွေ့စေနိုင်ပါတယ်။ ခရီးသွားတာက သင့်အတွက် အကုန်အကျ များတယ်ဆိုရင် နီးစပ်တဲ့ နေရာတွေကို ပိုက်ဆံစုပြီး ခရီးထွက်နိုင်ပါတယ်။ ခဏတဖြုတ် တခြားနေရာတစ်ခုကို သွားလိုက်တာက သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို အသစ်တဖန် လန်းဆန်းစေပါတယ်။

၅။ ဝေဖန်တာ၊ ထောက်ပြတာကို လက်ခံပါ

ကျွန်မတို့က ကိုယ့်အပြစ်တွေကို တခြားတစ်ယောက်က ထောက်ပြလာရင် စိတ်ဆိုးတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့် ဆိုးပြစ်တွေကို မသိတာ များလာလေ ဘဝမှာ ကျရှုံးဖို့ ပိုနီးလာလေပါပဲ။ ဒီတော့ ကိုယ့်ကို ဝေဖန်တာ၊ ထောက်ပြတာ ရှိလာရင် စိတ်ဆိုးမယ့်အစား လက်ခံသင့်တာကို လက်ခံပြီး ပြန်ပြင်သင့်တာကို ပြန်ပြင်ဖို့ ကြိုးစားသင့်ပါတယ်။

၆။ တစ်နေ့မှာ ခြေတစ်လှမ်းရှေ့ဆက်တိုးပါ

ခဏတဖြုတ် ရပ်ကွက်ကို ပတ်ပြီး လမ်းလျှောက်ဖို့ ဒါမှမဟုတ် စာအုပ်တစ်အုပ်ကို ဖတ်ဖို့က ခြေလှမ်းတစ်လှမ်း၊ စာမျက်နှာ တစ်မျက်နှာကနေ စတင်ရပါတယ်။ သင့်ဘဝမှာ ကောင်းမွန်တဲ့ ခြေလှမ်းတွေကို တစ်နေ့ နည်းနည်းစီ လုပ်သွားသင့်ပါတယ်။ သင်က မကောင်းတဲ့ အကျင့်တွေကို ပုံမှန်လုပ်နေရင် မကောင်းတဲ့ အနာဂတ်ကိုပဲ ဦးတည်သွားမှာပါ။ ဒီတော့ တစ်နေ့ နည်းနည်းစီ သင့်အတွက် တိုးတက်မှု ဖြစ်စေတာတွေကို လုပ်ပေးသင့်ပါတယ်။

၇။ နာကျင်မှုကို လက်ခံပါ

လူတိုင်းမှာ သူ့ဒုက္ခနဲ့သူ ရှိပါတယ်။ သင်က ဒီဒုက္ခ၊ နာကျင်မှုတွေကို လက်ခံတတ်ဖို့ လိုပါတယ်။ ဘဝက စင်းလုံးချော အဆင်ပြေနေတာချည်း မရှိတာကြောင့် သင့်ဘဝမှာ အဆိုးတွေနဲ့ ကြုံလာရင် ဒါကို လက်ခံပြီး ပိုကောင်းတဲ့ ဇာတ်ရုပ်တစ်ခုကို အသက်သွင်းသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar