ဝမ်းဗိုက်တဝိုက်မှာ အဆီပိုတွေစုနေခြင်းဟာ ကျန်းမာရေးအတွက်လည်း မကောင်းသလို အဝတ်အစားဝတ်ရာမှာလည်း အခက်အခဲဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးစေနိုင်ပါတယ်။

ဒီနေ့မှာတော့ ဒီလိုကြည့်ရဆိုးတဲ့ ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားပေးမယ့် အထိရောက်ဆုံး ယောဂလေ့ကျင့်ခန်းတွေကို မျှဝေပေးချင်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေပါ လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်းပြုလုပ်ဖို့အတွက် အရင်ဆုံးသင့်ရဲ့ ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းချပြီး လက်နှစ်ဖက်ကို ခြေကျင်းဝတ်နားသို့ ထိသည်အထိ ကွေးထားပေးရပါမယ်။ ထို့နောက်ခန္ဓာကိုယ်ကိုပြန်မတ်ပြီး လက်နှစ်ဖက်ကိုအပေါ် သို့ဆန့်ထုတ်ကာ အသက်ကိုဖြေးဖြေးချင်းရှုသွင်းပေးပါ။

ပြီးရင်တော့ ခုနကပုံစံအတိုင်း ခါးကိုပြန်ကွေးလိုက်ပြီး အသက်ကိုဖြေးဖြေးချင်း ပြန်ရှုထုတ်ပေးပါ။ ထိုပုံစံအတိုင်း အကြိမ် ၂၀ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

ယောဂဖျာပေါ်မှာ မတ်မတ်ရပ်ပြီး ခန္ဓာကိုယ်ကိုရှေ့သို့ ဖြေးဖြေးချင်းကိုင်းချကာ လက်နှစ်ဖက်ကိုကြမ်းပြင်ပေါ်မှာ ထောက်ထားပေးရပါမယ်။ ပြီးရင်တော့ လက်နှစ်ဖက်ကိုကြမ်းပြင်နဲ့ ထိလျက်အနေအထားအတိုင်း ဖြေးဖြေးချင်းလက်ကို ခန္ဓာကိုယ်အရှေ့ဘက်သို့ တိုးသွားပါ။

ခြေထောက်နဲ့လက်ရဲ့ကြားက အကွာဝေးက ၃ ပေလောက်ရှိရပါမယ်။ အဆိုပါပုံစံအတိုင်း စက္ကန့် ၂၀ ကြာ ငြိမ်ငြိမ်လေး နေပေးပါ။ ပြီးရင်တော့ မူလပုံစံ မတ်တပ်ရပ်အနေအထား ပြန်လုပ်ပေးရပါမယ်။ ထိုပုံစံအတိုင်း ၁၅ အကြိမ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

အရင်ဆုံးယောဂဖျာပေါ်ကို ခန္ဓာကိုယ်ကို မှောက်ယက်အနေအထား ပုံစံယူပါ။ ထို့နောက်ကြမ်းပြင်ကို လက်ထောက်ပြီး ခါးနေရာကနေစတင်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြင့်တင်ပေးပါ။ လက်ကိုကြမ်းပြင်မှာထောက်ထားပြီး ရင်ဘက်ကိုဖွင့်ကာ အရှေ့ဘက်သို့ မျက်နှာမူထားရပါမယ်။

ထို့နောက် အသက်ကိုဖြေးဖြေးချင်း ရှုသွင်းထုတ်ပြုလုပ်ပါ။ ဝမ်းဗိုက်အထိရောက်သည်တိုင် လေကိုရှုသွင်းပြီးပြန်ရှုထုတ်ပါ။ ထိုပုံစံအတိုင်း ၁၅ အကြိမ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

အရင်ဆုံးယောဂ ဖျာပေါ် လေးဘက်ထောက်အနေအထား ပုံစံယူလိုက်ပါ။ ကြမ်းပြင်မှာထောက်ထားတဲ့ လက်ကောက်ဝတ်တွေကို ရှေ့လည်းအရမ်းမရောက် နောက်လည်းအရမ်းမရောက်စေပဲ ပုခုံးအောက်နဲ့တတန်းထဲမှာ တည့်တည့်ထားရပါမယ်။

ထို့နောက် ခါးကိုဖြေးဖြေးချင်းကော့လိုက်ပြီး ဦးခေါင်းကိုအပေါ်သို့မော့ကာ အသက်ရှုသွင်းလိုက်ပါ။ ပြီးရင်တော့ ခါးကိုဖြေးဖြေးချင်းပြန်ခုံးပြီး ခေါင်းကိုကြမ်းပြင်သို့မျက်နှာမူကာ အသက်ရှုထုတ်လိုက်ပါ။ ထိုပုံစံအတိုင်း အကြိမ် ၂၀ ပြုလုပ်ပေးရပါမယ်။