လေ့ကျင့်ခန်းလုပ်တာအပြင် အစားအသောက်ကရတဲ့ ကယ်လိုရီပမာဏ လျှော့စားနိုင်မှ ပေါင်ချိန်လျော့ပြီး ဝိတ်အမြန်ကျဖြစ်လို့ ကိုယ့်ရဲ့ တစ်နေ့တာစားသောက်ပုံက အရမ်းအရေးကြီးတာကို ပျိုမေတို့ သိပြီးသားဖြစ်မှာပါ။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး မျှတတဲ့စားသောက်မှုပုံစံရှိတာက ကိုယ်တွင်းအဆီကျပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ Energy တွေလည်း ရစေပါတယ်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဝိတ်အမြန်ကျချင်သူတွေအတွက် ကိုယ့်ရဲ့စားသောက်ပုံကို ကျန်းမာရေးနဲ့အညီ အပြောင်းအလဲလုပ်ပေးပြီး ထိထိရောက်ရောက်ဝိတ်ချနိုင်မယ့် နည်းလမ်းအချို့ကို ပြောပြပေးလိုက်ပါတယ်။ လုပ်ရလွယ်တဲ့စားသောက်နည်းတွေဖြစ်လို့ စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ရိုးရိုးရေများများသောက်ပါ

သတိမထားဘဲ သောက်မိတတ်တဲ့အချိုရည်တွေက မသိမသာနဲ့ ကယ်လိုရီပါဝင်မှုများတာမို့ ဒါတွေကိုတတ်နိုင်သလောက်ရှောင်ပြီး ကယ်လိုရီလုံးဝမပါတဲ့ ရေကိုပဲ များများသောက်ပေးပါ။ ရေသောက်တဲ့အခါမှာလည်း အအေးမခံထားတဲ့ ရိုးရိုးရေဖြစ်ဖို့လိုပါတယ်။ တစ်နေ့နှစ်လီတာအထိ ပြည့်အောင်သောက်နိုင်ရင် အကောင်းဆုံးပါပဲ။

အသီးအရွက် အဓိကစားဖို့ သတ်မှတ်ထားပါ

ကယ်လိုရီနည်းတဲ့ အသီးအရွက်တွေရွေးချယ်စားသုံးမှ ဝိတ်ကျစေမှာပါ။ အစားအရမ်းလျှော့စရာမလိုဘဲ ကိုယ်ရည်စစ်ဖို့ ဘာပဲစားစား အသီးအရွက်တစ်မျိုးနဲ့ တွဲစားတာမျိုးအကျင့်လုပ်ပေးဖို့လိုပါတယ်။ သင့်ရဲ့တစ်နေ့တာစားသောက်ပုံထဲမှာ အဆီနဲ့ အချိုစာတွေအစား အသီးအရွက်ကို အစားထိုးပေးပါ။

အချိန်ခြားပြီး နည်းနည်းချင်းစားပါ

တစ်ကြိမ်တည်းနဲ့ ဗိုက်ပြည့်နေအောင်စားတာမျိုးထက် နာရီအနည်းငယ်ခြားပြီး ဖြေးဖြေးချင်းစားပေးတဲ့နည်းက အစာခြေဖို့လည်း လွယ်သလို ဗိုက်ခဏခဏဆာတတ်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ပရိုတင်းဓာတ်မှီဝဲပေးဖို့လိုပါတယ်

ဝိတ်ကျဖို့ နောက်ထပ် ကိုယ့်ရဲ့စားသောက်ပုံထဲထည့်ပေးသင့်တာကတော့ ပရိုတင်းပါတဲ့ အစားအသောက်တွေပါပဲ။ ပရိုတင်းက အဆီသိပ်မတက်သလို နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ပြီး အစာခံတာမို့ သင့်ရဲ့ဗိုက်ခဏခဏဆာတဲ့စိတ်ကို ထိန်းပေးပြီးသားဖြစ်မှာပါ။

Diet Food တွေချည်း အားမကိုးပါနဲ့

ဝိတ်ကျဖို့အတွက် အရသာမရှိတဲ့ Diet Food တွေရွေးချယ်တာက ကြာကြာစားနိုင်ဖို့ မလွယ်တာမို့ ဝိတ်ကျသွားရင်တောင် ပြန်တက်လာဖို့ လွယ်ပါတယ်။ အဲ့ဒီအစား တကယ်တမ်း ရေရှည်အတွက် စားလို့အဆင်ပြေပြီး ကျန်းမာရေးနဲ့လည်းညီတဲ့ အစားအသောက်တွေကိုပဲ မျှမျှတတစားတာမျိုးလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar