အရေးကြောင်းတွေဟာ သင့်ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိဘူး ဆိုပေမယ့် သင့်ရဲ့ ရုပ်ရည်သွင်ပြင်ပိုင်းဆိုင်ရာကိုတော့ ထိခိုက်စေနိုင်ပါတယ်။

ဘာလို့ဆို အရေးကြောင်းဆိုတာ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အတွက် သင့်ရဲ့ ငယ်ရွယ်နုပျိုမှုတွေကို တိုက်စားသွားစေမှာဖြစ်ပါတယ်။

အသက်အရွယ်အရ အရေးကြောင်းတွေဖြစ်လာတာကို တားဆီးလို့မရနိုင်တာ မှန်ပေမယ့် သင့်ရဲ့နုပျိုတဲ့အသွင်ကို နောက်နှစ်တွေအကြာကြီးအထိ ဆက်ပြီးထိန်းထားချင်တယ်ဆိုရင်တော့ သင့်မျက်နှာပေါ်မှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတချို့ သိထားဖို့ လိုမှာပါ။

(၁) နေရောင်ခြည်ဒဏ်ကို အထူးကာကွယ်ပါ

အိုမင်းရင့်ရော်ခြင်းရဲ့အစက နေလောင်ဒဏ်ကြောင့်ဆိုတာ အခြေခံသိပြီးသားအချက်တစ်ခု ဖြစ်မှာပါ။ နေလောင်ကာခရင်မ်လိမ်းပေးမယ်ဆိုရင်တော့ အသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှာ အရေးကြောင်းများက ထင်ထားတာလျော့နည်းပြီး အရွယ်တင်နုပျိုနေစေမှာ အသေချာပါပဲ။

သတိထားရမှာတစ်ခုကတော့ နေလောင်ကာခရင်မ်တွေက အရေးကြောင်းတွေကို ကုသနိုင်မှာမဟုတ်ပဲ ကြိုတင်ကာကွယ်ဖို့အတွက်သာ ထုတ်လုပ်ထားတယ်ဆိုတာပါပဲ။

(၂) အစိုဓာတ်ဖြည့်ခရင်မ်ပုံမှန်လိမ်းပေးပါ

အစိုဓာတ်ဖြည့်ခရင်မ်တွေဟာ မျက်နှာအတွက်လိုအပ်တဲ့ ရေဓာတ်ကို အထူးဖြည့်တင်းပေးနိုင်ပါတယ်။ အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ အရေပြားတွေဟာ ခြောက်သွေ့လာပြီး အရေးကြောင်းတွေ ပေါ်လာစေတတ်ပါတယ်။ အသားရေခြောက်လေ ပါးရေတွန့်လေဖြစ်တာကြောင့် ရေဓာတ်ဖြည့်ပေးခြင်းက အကောင်းဆုံးပါပဲ။

(၃) ရေကိုပုံမှန်သောက်ပေးပါ

အစိုဓာတ်ဖြည့်ခရင်မ်လိမ်းရုံနဲ့ လုံလောက်ပြီလားဆိုရင် အဖြေကနိုးပါပဲ။ ရေသောက်ခြင်းဟာ ကိုယ်တွင်းအင်္ဂါများအတွက်သာမက မျက်နှာအသားရေအတွက်ပါ အထောက်ကူပြုပါတယ်။

ရေများများသောက်ရင် ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်များကို လျော့ကျစေပြီး မျက်နှာအသားရေကိုပါ စိုပြေတင်းရင်းစေပြီး အရေပြားရဲ့ကျုံ့နိုင်ချဲ့နိုင်စွမ်းကို တိုးမြှင့်ပေးလို့ အရေးကြောင်းကင်းစင်နေစေမှာ အသေချာပါပဲ။

(၄) Vitamin ဓာတ်ကြွယ်ဝအောင်စားသုံးပါ

အစာအာဟာရပြည့်ဝစွာ စားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက်သာမက အသားအရေအတွက်ပါ အထောက်အကူပြုပါတယ်။ လေ့လာတွေ့ရှိချက်များအရ အနီရောင်အသားများနှင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစာစားသူတွေက ပိုမိုအရေးကြောင်းများတတ်ပါတယ်။

ဒါကြောင့် Vitaminနဲ့ Antioxidant ကြွယ်ဝသော Green tea၊ သံလွင်ဆီ ၊ ထောပတ်သီးကဲ့သို့ အစားစာများကို ပြည့်ဝစွာစားသုံးပေးခြင်းဖြင့် အနာလည်းကင်း အရွယ်လဲတင်စေမှာပါ။