အားလုံးပဲ မင်္ဂလာပါနော်။ မျက်ကွင်းညိုတာသက်သာဖို့ သဘာဝပစ္စည်းနှစ်မျိုးထဲနဲ့ ကုသနိုင်မယ်ဆိုရင် စိတ်ဝင်စားကြလား။ အကြောင်းအမျိုးမျိုးကြောင့် မျက်ကွင်းညိုလာတဲ့အခါ သင့်မျက်နှာက ရှိရင်းစွဲထက် ရုပ်ရင့်ပြီး အရောင်မွဲစေတာမို့ အမြန်ဆုံးသက်သာဖို့ ထိန်းသိမ်းပေးသင့်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြပေးမယ့် နည်းလမ်းလေးက ပါဝင်ပစ္စည်းနှစ်မျိုးပဲလိုတာမို့ လုပ်ရလွယ်သလို အကုန်အကျသက်သာပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းစေမှာပါ။ ဒီတော့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ပါနော်-

ဒီနည်းအတွက် လိုအပ်တဲ့ပစ္စည်းနှစ်မျိုးကတော့ ရှားစောင်းလက်ပတ် Gel နဲ့ Almond ဆီတို့ပါ။ Almond ဆီကိုတော့ Eye Cream တော်တော်များများမှာ ပါဝင်ပစ္စည်းအဖြစ် ထည့်သုံးလေ့ရှိကြပြီး သူက မျက်လုံးအောက် အသားအရေလျော့တွဲတာနဲ့ အရေးအကြောင်းဖြစ်တာတွေကို သက်သာစေပါတယ်။ မျက်ခွံအသားရောင်ပြန်လင်းပြီး တင်းရင်းစေမှာပါ။ Almond ဆီက စေးကပ်မှုလည်းနည်းတာမို့ လိမ်းပြီး စေးကပ်ကပ်ဖြစ်တာ မကြိုက်တဲ့သူတွေလည်း သုံးလို့အဆင်ပြေပါတယ်။

ရှားစောင်းလက်ပတ်ကလည်း အသားအရေကို အစိုဓာတ်ဖြည့်ပြီး နူးညံ့စေတာမို့ မျက်ကွင်းညိုတာသက်သာပြီး အသားကြည်လာစေပါတယ်။


အသုံးပြုရမယ့်နည်းကတော့ ရှားစောင်းလက်ပတ်တစ်ဇွန်းအပြည့်ယူပြီး အဖုံးပါတဲ့ ခွက်ငယ်တစ်ခွက်ထဲထည့်ပါ။ Almond ဆီကိုလည်း ဆတူထည့်ပြီး နှံ့အောင်မွှေပေးရပါမယ်။ အသားအရမ်းခြောက်တဲ့သူတွေက Almond ဆီကို အနည်းငယ်ပိုထည့်တာမျိုး လုပ်နိုင်ပါတယ်။


မွှေပြီးလို့ စိမ်းဖျော့ဖျော့ အရည်ပုံစံရသွားရင်တော့ မျက်ကွင်းအတွက် သုံးလို့ရပါပြီ။ လိမ်းတဲ့အခါ လက်သကြွယ်နဲ့ ကော်ပြီး မျက်ကွင်းနေရာမှာ တို့ကာ ဖြေးဖြေးချင်းဖြန့်လိမ်းပေးပါ။ Concealer လိမ်းတဲ့ပုံစံနဲ့ ဆင်ပါတယ်။ မျက်လုံးတစ်ဝိုက်အသားအရေက နူးညံ့လွန်းတာမို့ ကြမ်းကြမ်းပွတ်မလိမ်းမိအောင် သတိထားရပါမယ်။


နေ့စဉ် အိပ်ရာဝင်ခါနီးအချိန်လိမ်းနိုင်ပြီး မနက်ပိုင်းမှာတော့ တစ်နေကုန်အပြင်မထွက်ရတဲ့ နေ့မျိုးမှာ လိမ်းပေးနိုင်ပါတယ်။ တစ်ခါလိမ်းပြီး ကျန်နေတဲ့အရည်ကို ခွက်အသန့်ထဲထည့်ကာ အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားနိုင်ပါတယ်။ ညဘက်လိမ်းထားတဲ့သူတွေက နောက်နေ့မနက်မှာ ရေခပ်နွေးနွေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar