ဆံသားတွေပါးလွှာ၊ ကျွတ်ထွက်ကုန်တာကို မြင်တွေ့ရတယ်ဆိုတာဟာ အင်မတန်ခေါင်းခဲစရာအလုပ်တစ်ခုပါ။ ကျန်းမာရေးနှင့်မညီညွတ်သည့် လူနေမူဘဝများ၊ အာဟာရဓာတ်ချို့တဲ့မှုများ၊ ဓာတ်မတည့်မှုများ၊ ဟော်မုန်းအပြောင်းအလဲဖြစ်မှုများ၊ ဆံကေသာသေချာဂရုမစိုက်မှုများ စသည့် ပြဿနာပေါင်းစုံတို့ကြောင့် ဆံပင်ကျွတ်လာရခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဆံပင်ကျွတ်တာကို မီးဖိုချောင်က အသုံးအဆောင်ပစ္စည်းများကို အသုံးပြုပြီး ရပ်တန့်နိုင်ရုံသာမက ဆံကေသာနဂိုမူလအတိုင်း ပြန်လည်ကောင်းမွန်လာစေနိုင်မယ့် နည်းလမ်းလေးတွေလည်း ရှိပါသေးတယ်။

၁။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အနှစ် ၂ ဇွန်းစာကို သေချာမွှေပေးကာ ဦးရေပြားကိုလက်ချောင်းလေးများဖြင့် ငါးမိနစ်ကြာ သေချာနှိပ်နယ်ပေးပြီးနောက် နောက်ထပ် ၂၅ မိနစ်ခန့်ထားရှိပေးပါ။ ပြီးလျှင်တော့ ရေနွေးနွေးလေးဖြင့် ဆေးကြောပေးနိုင်ပါတယ်။

၂။ ကြက်ဥများ

ပန်းကန်ထဲတွင် ကြက်ဥတစ်လုံးကို သံလွင်ဆီတစ်ဇွန်းဖြင့်ရောစပ်ပြီး သေသေချာချာမွှေပေးပါ။ ဆံပင်နှင့်ဦးရေပြားကိုလိမ်းခြယ်ပြီး အရင်းမှအဖျားအထိ ဂရုစိုက်ပေးနိုင်မှာဖြစ်ပါတယ်။ ဦးရေပြားနှင့်ဆံကေသာ နှံ့သွားပြီဆိုပါက ဆံပင်ကို shower cap ဖြင့် မိနစ် ၂၀ ခန့်ထားဖုံးပြီးသည့်အခါ ခေါင်းလျှော်ရည်နှင့်ရေအေးကို အဓိကအသုံးပြုပြီး ဆေးကြောပစ်နိုင်ပါတယ်။ (တစ်ပတ်လျှင်နှစ်ကြိမ်ခန့်)

၃။ ထောပတ်သီး

ထောပတ်သီးနှင့်ငှက်ပျောသီးကို ပျစ်နှစ်နေသည်အထိ ဖိချေပေးပါ။ ရရှိလာတဲ့အရောအား ဆံပင်နှင့်ဦးရေပြားကို အရင်းမှအမြစ်အထိလိမ်းခြယ်ပေးပါ။ နှံ့သွားပြီဆိုလျှင် shower cap ဖုံးပြီး နာရီဝက်မှတစ်နာရီအထိ ထားရှိပေးပါ။ ပြီးသွားပြီဆိုလျှင် ခေါင်းလျှော်ရည်နှင့်ရေအေးကို အသုံးပြုကာ ဆေးကြောသန့်စင်ပစ်နိုင်ပါတယ်။ (တစ်ပတ်လျှင်တစ်ကြိမ်)

၄။ ဒန်းရွက်များ

လတ်ဆတ်သည့်ဒန်းရွက်များကို ရေဖြင့်ကြိတ်ခြေကာ ဆံကေသာနှင့်ဦးရေပြားကို အရင်းမှအဖျားအထိ သေချာလိမ်းခြယ်ပေးပါ။ နှံ့စပ်သွားပြီဆိုပါက shower cap ကိုအသုံးပြုပြီး ၃ နာရီခန့်ထားပေးပါ။ ပြီးလျှင်တော့ ခေါင်းလျှော်ရည်နှင့်ရေအေးဖြင့် သေချာဆေးကြောပေးနိုင်ပါတယ်။ (တစ်လလျှင်တစ်ကြိမ်)

၅။ အုန်းဆီ

အုန်းဆီကို ပန်းကန်ထဲတွင်ထည့်ပြီး အနည်းငယ်နွေးလာသည်အထိ စက္ကန့်အနည်းငယ်မျှ အပူပေးပါ။ လက်ချောင်းလေးများဖြင့် ဦးရေပြားထဲသို့ ၁၀ မိနစ်ခန့်နှိပ်နယ်ပေးပြီးနောက် လက်ကျန်ဆီအပိုကို ဆံပင်တွင်လိမ်းပေးပြီး နောက်ထပ်နာရီဝက်ခန့်ထားပေးပါ။ တစ်ညတာထားအိပ်ပေးပြီး မနက်ပိုင်းတွင်ခေါင်းလျှော်ပစ်နိုင်ပါတယ်။ (တစ်ပတ်လျှင် နှစ်ကြိမ်မှသုံးကြိမ်)

၆။ ရေနွေးကြမ်း

အအေးခံထားသည့်ရေနွေးကြမ်းကို ဆံပင်တစ်လျှောက်လောင်းချပေးနေစဉ်တစ်လျှောက် ဦးရေပြားကိုနှိပ်နယ်ပေးပါ။ ရေနွေးကြမ်း ဆံပင်တွင် သေချာစိုရွှဲနေပြီဆိုပါက တစ်နာရီခန့်ထားပေးကာ ကြက်သီးနွေးထရုံရေနွေးဖြင့် ခေါင်းကိုသန့်စင်ပေးနိုင်ပါတယ်။ (တစ်ပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ်)

၇။ ကြက်သွန်နီအရည်

ကြက်သွန်နီကိုအခွံခွာပြီး အစိတ်သေးလေးများလှီးပေးပါ။ သေသေချာချာကြိတ်ခြေပြီး အဝတ်ကိုအသုံးပြုကာ အရည်ညှစ်ထုတ်ပစ်ပါ။ ကြက်သွန်နီအရည်ကို ဦးရေပြားအတွင်း ၅ မိနစ်ကြာ နှိပ်နယ်ပေးကာ နောက်ထပ် ၁၀ မိနစ်ခန့်ထားရှိပေးပါ။ ပြီးသွားလျှင်တော့ ထုံးစံအတိုင်း ခေါင်းလျှော်ပေးနိုင်ပါတယ်။ (တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်)