မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ ဟော်မုန်းမညီမျှမှု စတဲ့အကြောင်းအမျိုးမျိုးကြောင့် လူတိုင်း ဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် နေ့တိုင်း ဆံပင်နည်းနည်းကျွတ်တာက အကြောင်းမဟုတ်ပေမယ့် ပုံမှန်မဟုတ်ဘဲ ဆံပင်အများကြီးကျွတ်နေရင်တော့ ဒုက္ခဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆံပင်ကျွတ်သက်သာချင်သူတွေအတွက် ဆံပင်ကျွတ်တာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းတဲ့ အိမ်တွင်းကုထုံး သဘာဝနည်းလမ်းများကို ဝေမျှပေးချင်ပါတယ်။

နှိပ်ပေးခြင်း

ဦးရေပြားကို စက်ဝိုင်းပုံစံအတိုင်း နေ့စဉ် 5-10 မိနစ်ခန့် နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်ပေးတာက သွေးလည်ပတ်မှုကို ကောင်းစေတာမလို့ ဆံပင်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ဖြည့်တင်းပေးနိုင်ပြီး ဆံပင်ကျွတ်တာကို လျော့ချနိုင်ပါတယ်။

ဆီးဖြူသီး

ဆံပင်အတွက်လိုအပ်တဲ့ Vitamin C ၊ Antioxidants နဲ့ သတ္တုဓာတ်တွေအများကြီးပါတဲ့ ဆီးဖြူသီးအမှုန့်ကို ရေနဲ့ရောပြီး ဦးရေပြားကို လိမ်းပေးပါ။ မိနစ် 30 လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ပဲစင်းငုံ

ဆံပင်မွေးညင်းပေါက်တွေကို အားကောင်းစေဖို့ ပရိုတင်းဓာတ်နဲ့ နီကိုတင်းနစ်အက်ဆစ်ပါတဲ့ ပဲစင်းငုံစေ့ကို ရေမှာ တစ်ညစိမ်ပြီး နောက်တစ်နေ့နံနက်မှာ ကြိတ်ချေပြီး ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပေးပါ။ မိနစ် 30 လောက်ထားပြီးမှ ရေနဲ့ သေချာဆေးချပါ။

ကြက်ဥ

ကြက်ဥက ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးတာကြောင့် ဆံကေသာကို သန်စွမ်းစေပြီး ဆံပင်ကျွတ်တာကို လျှော့ချပေးနိုင်ပါတယ်။ ကြက်ဥတစ်လုံး သို့မဟုတ် နှစ်လုံးကို ခေါက်ပြီး ဦးရေပြားနဲ့ ဆံပင်ကို လိမ်းပေးပါ။ မိနစ် 20-30 လောက်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

ကြက်သွန်နီ

ကြက်သွန်နီက ဦးရေပြားကို သွေးလည်ပတ်မှုကောင်းစေတာကြောင့် ဆံပင်ကျွတ်တာကို သက်သာစေတဲ့ အစွမ်းထက်တဲ့ဆေးတစ်လက်ပါ။ကြက်သွန်ဥအနီကို အရည်ညှစ်ပြီး ဦးရေပြားကို တိုက်ရိုက် လိမ်းပေးပါ။ ခေါင်းမလျှော်ခင် မိနစ် 30 မှ 60 မိနစ်လောက် နှိပ်ပေးပါ။