ချွေးတရွဲရွဲထွက်ပြီး ပြင်းပြင်းထန်ထန်လုပ်ရတဲ့ လေ့ကျင့်ခန်းများကို မပြုလုပ်ချင်ပေမယ့် ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုများကို ဖယ်ရှားချင်တဲ့သူများအတွက် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကောင်းကတော့ ထိရောက်မှုရှိတဲ့ ယောဂပို့စ်များ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် ယောဂပို့စ်များ ပြုလုပ်ခြင်းက ဝမ်းဗိုက်ရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ ခေါင်းကိုက်ခြင်း၊ စိတ်တည်ငြိမ် အေးချမ်းစေခြင်း၊ အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကိုပါ ခံစားရရှိစေနိုင်ပါတယ်။

ဘယ်လိုယောဂ လေ့ကျင့်ခန်းများကို ပြုလုပ်သင့်သလဲဆိုတော့ …

လေ့ကျင့်ခန်း (၁)

အရင်ဦးဆုံး ယောဂဖျာပေါ်မှာ ဝမ်းလျားမှောက်လိုက်ပါ။ ထို့နောက် တံတောင်ကို တဖြည်းဖြည်းချင်း ဆန့်တန်းကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပုံပါအတိုင်း ကြွလိုက်ပါ။ မြွေဟောက်တစ်ကောင် ပါးပျဉ်းထောင်နေသည့်အလား ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ပေါင်ကနေ ခြေထောက်အထိ ကြမ်းပြင်နဲ့ မကွာစေဘဲ ထိကပ်နေစေရမှာဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပြီး အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်နေပါ။ ထို့နောက် လက်နှစ်ဖက်က ခြေထောက်နှစ်ဖက်ကို လှမ်းကိုင်လိုက်ပါ။ ထို့နောက် ခန္ဓာကိုယ် အောက်ပိုင်းနဲ့ အပေါ်ပိုင်းကို တစ်ပြိုင်နက်တည်း ကြွပေးလိုက်ပါ။ ဝမ်းဗိုက်ကိုတော့ ကြမ်းပြင်နဲ့ ထိကပ်ပေးရပါမယ်။

ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပြီး အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်းကတော့ ပုံမှန်ပြုလုပ်နေကျ Plank ထောက်တဲ့လေ့ကျင့်ခန်းနဲ့ ဆင်တူပဲဖြစ်ပါတယ်။ တံတောင်နဲ့ ထောက်တဲ့ Plank နဲ့ လက်ဖဝါးနဲ့ ထောက်တဲ့ Plank ချင်းပဲ ကွာသွားတာပါ။

ပုံပါအနေအထားတိုင်း မိမိကြာကြာ ထောက်နိုင်တဲ့အထိ ထောက်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ကြာ အနားယူပြီးနောက် နောက်ထပ် နှစ်ကျော့ခန့် ထပ်မံပြုလုပ်ပါ။ ကျွမ်းကျင်လာတယ်ဆိုရင်တော့ အချိန်ကိုလည်း တဖြည်းဖြည်းတိုးလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ယောဂဖျာပေါ်တွင် လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားကာ ပက်လက်အနေအထား နေနေပါ။ ထို့နောက် သင့်ရဲ့ လက်နှင့် ခြေထောက်တို့ကို ကြမ်းပြင်ကနေ တဖြည်းဖြည်းချင်း ကြွလိုက်ပါ။ သင့်ခန္ဓာကိုယ်က ဗွီပုံသဏ္ဍာန် ဖြစ်သွားတဲ့အထိ ပြုလုပ်ရမှာဖြစ်ပါတယ်။

ထိုအနေအထားအတိုင်း စက္ကန့် ၆၀ ခန့် တောင့်ထားပြီး အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

ဒူးနှစ်ဖက်ကို ထောင့်မှန်ကျသည်အထိ ဒူးထောက်ထားပါ။ ထို့နောက် လက်နှစ်ဖက်က ခြေဖနောင့်နှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်ပါ။ ပုံပါအနေအထားအတိုင်း ဖြစ်သွားပြီဆိုရင်တော့ ထိုအနေအထားအတိုင်း စက္ကန့် ၆၀ ခန့် တောင့်ထားပြီး အသက်ကိုလည်း ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ပြုလုပ်ရပါမယ်။