မျက်နှာအသားအရေ အဆီပြန်လို့ စိတ်ညစ်နေရတဲ့သူတို့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းကုသနည်းအချို့ရှိပါတယ်။ အဆီဂလင်းတွေဟာ အသားအရေက အစိုဓာတ်ရရှိအောင် ကာကွယ်ပေးတာဖြစ်ပြီး ဆံကေသာနဲ့ အသားအရေအလှအပအတွက် အရေးအကြီးဆုံးပဲဖြစ်ပါတယ်။

သို့သော် တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးအတိုင်းပဲ အလွန်အကျွံ ထုတ်လုပ်မိသွားတော့ ချွေးပေါက်ပိတ်သွားကာ ဝက်ခြံတွေ ထွက်လာရခြင်းဖြစ်ပါတယ်။

ဒီလိုမျိုး အသားအရေ အဆီပြန်တတ်တဲ့သူတို့အနေနဲ့ ကိုယ့်အရေပြားအောက်ရှိ အဆီဂလင်းများ အလွန်အကျွံ ထွက်ရှိမှုကို ဘယ်လိုထိန်းသိမ်းရမလဲ။

မျက်နှာသစ်ပါ

ကိုယ့် အသားအရေက အဆီပြန်တတ်တယ်ဆိုရင် တစ်ရက်လျှင် နှစ်ကြိမ် မျက်နှာပုံမှန်သစ်ပေးရပါမယ်။ နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်ရပါဘူး။ ဒါ့အပြင် ဆပ်ပြာအပြင်းစားများနှင့် မျက်နှာသစ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ မျက်နှာသစ်ဆေးအပျော့စားနဲ့သာ မျက်နှာသစ်ပေးရပါမယ်။

ဆီစုပ်စက္ကူအသုံးပြုပါ

အသားအရေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဆီစုပ်စက္ကူလေးကို အသုံးပြုပါ။ ပါးလွှာတဲ့ ဆီစုပ်စက္ကူတွေက အသားအရေ အဆီပြန်တတ်တဲ့သူတို့ကို အရှင်းပျောက်သွားအောင်တော့ မပြုလုပ်ပေးနိုင်ပေမယ့် ယာယီအနေနဲ့ တခဏတာ အဆီပြန်ခြင်းကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်သွားစေပါတယ်။

ပျားရည်အသုံးပြုပါ

ပျားရည်ကို အသားအရေ အဆီပြန်တဲ့ မျက်နှာပေါ် ခပ်ပါးပါးလေးဖြစ်သွားအောင် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၀ မိနစ်ခန့်စောင့်ကာ အခြောက်ခံထားလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းဟာ အသားအရေ အဆီပြန်တတ်တဲ့သူတို့အတွက်သာမက ဝက်ခြံသမားများအတွက်လည်း စိတ်ချလက်ချပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

အုတ်ဂျုံ အသုံးပြုပါ

အုတ်ဂျုံကို မျက်နှာပေါင်းတင်နည်းအဖြစ် အသုံးပြုတဲ့အခါ ဒိန်ချဉ်၊ ပျားရည်၊ ငှက်ပျောသီး၊ ပန်းသီး (သို့) သင်္ဘောသီး အစရှိတဲ့ ပါဝင်ပစ္စည်းများနဲ့လည်း ရောနှောနိုင်သေးတယ်။

အုတ်ဂျုံ မျက်နှာပေါင်းတင်နည်း ပြုလုပ်ဖို့အတွက်ဆိုရင်တော့ အုတ်ဂျုံ စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ကို ရေနွေးပူ အနည်းငယ်နှင့် ရောနှောကာ အနှစ်များဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်မံပေါင်းထည့်လိုက်ပါ။

ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းကာ ခြောက်သွေ့သွားသည်အထိ ပေါင်းတင်ထားလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကြာရင်တော့ ကြက်သီးနွေး ရေနွေးလေးဖြင့် မျက်နှာသစ်ချလိုက်ပါ။

ကြက်ဥအကာနှင့် သံပုယိုရည် အသုံးပြုပါ

ဒီနည်းလမ်းက ကြက်ဥနှင့် ဓာတ်မတည့်သူများအတွက်တော့ အသုံးမပြုသင့်တဲ့ ပေါင်းတင်နည်းတစ်ခုပါ။

ကြက်ဥအကာ၊ သံပုယိုရည်တို့နဲ့ ပေါင်းတင်မယ်ဆိုရင် ကြက်ဥအကာ ၁ လံးကို လတ်လတ်ဆတ်ဆတ်ညှစ်ထားသော သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းကာ ခြောက်သွားသည်အထိ ပေါင်းတင်လိုက်ပါ။

ခြောက်သွားပြီဆိုရင်တော့ ရေနွေးနွေးနဲ့ မျက်နှာသစ်ကာ ခြောက်သွားအောင် ခပ်ဖွဖွကလေး သုတ်ပေးလိုက်ပါ။

ရှားစောင်းလက်ပတ် အသုံးပြုပါ

ရှားစောင်းလက်ပတ်ကို အိပ်ရာဝင်ခါနီးတွင် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မနက်မိုးလင်းလာမှ မျက်နှာသစ်ပေးလိုက်ပါ။

တကယ်လို့ ကိုယ့်အသားအရေက အဆီလည်းပြန်တဲ့အပြင် Sensitive အသားအရေမျိုးလည်း ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မျက်နှာပေါ် တိုက်ရိုက်မလိမ်းခင်မှာ လက်ကောက်ဝတ်ပေါ်မှာ အရင်ဦးဆုံး လိမ်းကျံပေးလိုက်ပါ။

၂၄ နာရီကနေ ၄၈ နာရီအတွင်း လက်ကောက်ဝတ်အသားအရေက ယားယံခြင်း မရှိဘူးဆိုမှ မျက်နှာပေါ်မှာ ယုံကြည်စိတ်ချစွာ လိမ်းကျံပေးလိုက်ပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Salicylic အက်စစ်ဓာတ်ဟာ အဆီပိုများကို ဖယ်ရှားပေးပြီး ချွေးပေါက်များကို ပွင့်စေကာ ချွေးပေါက်ကျဉ်းသွားအောင် ကူညီပေးပါတယ်။

ပြုလုပ်နည်းကတော့ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ခရမ်းချဉ်သီး ၁ လုံးနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ ခရမ်းချဉ်သီးအနှစ်အရောအနှောကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။

ခရမ်းချဉ်သီးအနှစ်ဖြင့် အသုံးမပြုချင်ပါက ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးဖြတ်ကာ မျက်နှာပေါ် ကပ်ထားနိုင်ပါသေးတယ်။