ဆံပင်အုံထူလာစေဖို့အတွက် လွယ်ကူထိရောက်တဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ပါးတဲ့သူတွေနဲ့ ဆံပင်အုံထူချင်တဲ့သူတွေအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေ ဖြစ်မှာပါ။

ခေါင်းလျှော်တာကိုဂရုစိုက်ပါ

ခေါင်းခဏခဏလျှော်တာကို ဆင်ခြင်ရပါမယ်။ တစ်ပတ်မှာ တစ်ကြိမ် ၂ ကြိမ်ထက် ပိုမလျှော်ရပါဘူး။ ခေါင်းခဏခဏလျှော်ရင် ဦးရေပြားခြောက်ပြီး ဆံပင်ကျွတ်လာပါလိမ့်မယ်။ ဆံပင်ကျွတ်ရင်တော့ ဆံပင်တွေပါးလာမှာပါပဲ။ ခေါင်းလျှော်တဲ့အခါမှာ အရမ်းကုတ်လျှော်တာမျိုးတွေလည်း မလုပ်ပါနဲ့။ ဆံပင်ကျွတ်စေပါတယ်။ ခေါင်းလျှော်ပြီးတိုင်းမှာလည်း conditioner သုံးပေးပါ။ ဆံသားကျန်းမာမှလည်း ဆံပင်သန်ပြီး အုံထူလာမှာပါ။

ဆံပင်အဖျားတွေညှပ်ထုတ်ပါ

ဆံပင်အဖျားတွေကို တစ်လတစ်ခါ၊ နှစ်လတစ်ခါ ပုံမှန်ညှပ်ထုတ်ပေးမယ်ဆိုရင်တော့ ဆံသားပျက်စီးနေတာတွေ မရှိတော့ပဲ ဆံသားကျန်းမာလာပါမယ်။ ဆံသားကျန်းမာလာတဲ့အတွက် ဆံပင်သန်ပြီး အုံထူလာမယ်၊ အရှည်မြန်လာပါမယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ခေါင်းလျှော်ခါနီးမှာ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ကြိတ်ချေပြီး ဦးရေပြားမှာ ပွတ်ပေးရင် ဆံပင်သန်ပြီး အုံထူစေပါတယ်။ ဆံပင်အဖျားလေးတွေကို ပွတ်ပေးမယ်ဆိုရင်တော့ ဆံပင်ဖွာတာတွေ သက်သာစေပါတယ်။ ပွတ်လိမ်းပြီး နာရီဝက်လောက်ကြာမှ ခေါင်းလျှော်ပေးပါ။

ကြက်ဥ

ကြက်ဥမှာက proteins ဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆံသားသန်စွမ်းကျန်းမာဖို့အတွက် အရမ်းကောင်းပါတယ်။ ခေါင်းလျှော်မယ့်နေ့မှာ ကြက်ဥကိုခလောက်ပြီး ဆံသားနဲ့ဦးရေပြား အနှံ့ပွတ်လိမ်းပြီး နာရီဝက်လောက်ကြာရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ အနံ့မကျန်အောင် သေချာလျှော်ဖို့တော့ လိုပါတယ်။ ဒီနည်းလမ်းက ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ပေးပြီး ဆံသားတောက်ပြောင်စေတယ်၊ ဆံပင်သန်ကာ အုံထူလာစေပါတယ်။