ဘဝဟာ စိန်ခေါ်မှုတွေနဲ့ တင်းကြမ်းပြည့်နေတဲ့ခရီးတစ်ခုပါပဲ။ ဘဝရေစီးမှာ လူတွေဟာ အမြဲတမ်း ရုန်းရင်းကန်ရင်းနဲ့ ကိုယ့်ပန်းတိုင်ဆီကိုယ် အရောက်ဦးတည်ရတာပဲမလား။ ကလေးဘဝကနေ အရွယ်လွန်အိုမင်းတဲ့အထိ ဘဝခရီးဟာ လှိုင်းကြီးလေထန် ရုန်းကန်မှုရဲ့ခရီးတစ်ခုပါပဲ။

ဘဝအနိမ့်အမြင့် အကွေ့အဖြောင့်တွေအကြားမှာ ကိုယ့်ကိုယ်ကိုယ် အားပြတ်လဲကျမသွားအောင် စိတ်စွမ်းအားမြှင့်တင်ထားဖို့ လိုပါတယ်။ စိတ်ဓါတ်တွေ ကျလာရင် စိတ်ခွန်အားရစေမယ့်အရာတွေဆီကနေ အားယူရပါတယ်။

ဒီတစ်ခေါက်ကတော့ ပညာရေးခရီးကို ဖြတ်သန်းနေတဲ့ ကျောင်းသားလူငယ်တွေအတွက် စိတ်အားတက်စရာ ရုပ်ရှင်ကားကောင်းတချို့အကြောင်းကို ပြောပြသွားမှာပါ။

(၁) Good Will Hunting

Source : Movieclips Trailers

၁၉၉၇ မှာ ထွက်ခဲ့ပြီး ရုပ်ရှင်မင်းသားကြီးရော်ဘင်ဝီလျံစ် ၊ဘန်အက်ဖ်လက် နဲ့ မတ်ဒေမွန်တို့လို ဝါရင့်အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Good Will Hunting ကားဟာ Rating အမြင့်ဆုံးရုပ်ရှင်ကားတွေထဲမှာ အမြဲဖော်ပြခံရတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။

မတ်ဒေမွန်က အသက် ၂၀ အရွယ် ဉာဏ်ကြီးရှင်ဝီလ်ဟန့်တင်းအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဝီလ်က ကျောင်းတစ်ကျောင်းရဲ့ သန့်ရှင်းရေးဝန်ထမ်းပါ။

သူ့ပါရမီကို မြင်သွားတဲ့ ပါမောက္ခဂျရတ် လမ်ဘူး (စတယ်လန် စကားစ်ဂတ်) က လမ်းလွဲနေတဲ့ ဒီပါရမီရှင်လူငယ်ကို လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ ကုထုံးပညာရှင် ရှောင်မက်ကွဲယား (ရော်ဘင်ဝီလျံစ်) ဆီပို့လိုက်ပါတယ်။ ဒီရုပ်ရှင်က တစိမ့်စိမ့်ကြည့်ပြီး ခံစားရမယ့်ရုပ်ရှင်ပါ။

(၂) The Great Debaters

Source : YouTube Movies

The Great Debaters ကို ရိုက်ကူးတာ အော်စကာဆုရမင်းသားကြီး ဒန်ဇဲဝါရှင်တန် ဖြစ်ပြီး အော်ပရာဝင်းဖရေးက ထုတ်လုပ်သူ လုပ်ပါတယ်။ ဒီရုပ်ရှင်က ဟားပတ်က စကားရည်လုချန်ပီယံပွဲမှာ ဝင်ပြိုင်ဖို့ ပထမဆုံးလူမည်းကျောင်းသားအသင်း ဖွဲ့ဖို့ လုပ်ခဲ့တဲ့ ပါမောက္ခမယ်လ်ဗင်ဘီ တော်လ်ဆန်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ထားတာပါ။ စိတ်ခွန်အားပေးရုံတင်မဟုတ်ဘဲ အဲ့ဒီခေတ်က လူမှုနိုင်ငံရေးအခြေအနေပါ မီးမောင်းထိုးပြနိုင်ခဲ့တာက ရုပ်ရှင်ရဲ့ အောင်မြင်မှုလို့ ဆိုရမှာပါ။

(၃) The Theory Of Everything

Source : Melody Base

ကွယ်လွန်သူ ကမ္ဘာအကြီးကျယ်ဆုံး ရူပဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ စတီဖင်ဟော့ကင်းကို ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ပုံတွေ မြင်ဖူးကြမှာပါ။ အာရုံကြောချိနေတဲ့ Amyotrophic Lateral Sclerosis (ALS) ကြောင့် အကြောသေပြီး စကားမပြောနိုင် မလှုပ်ရှားနိုင်ဖြစ်ခဲ့ပေမယ့် ကမ္ဘာ့အကြီးကျယ်ဆုံး ရူပဗေဒဆိုင်ရာတွေ့ရှိချက်တွေနဲ့ စာတမ်းတွေ ရေးသားခဲ့သူဖြစ်ပါတယ်။

ကိန်းဗရစ်တက္ကသိုလ်ကျောင်းသားမှာ Motor Neurons ရောဂါကြောင့် တဖြည်းဖြည်း အကြောသေလာခဲ့ပြီး ကျန်ဘဝတစ်လျှောက်လုံး ဘီးတပ်ကုလားထိုင်နဲ့ အချိန်ကုန်ခဲ့ပေမယ့် သူဟာ အသက် ၇၆ နှစ်အထိ နေနိုင်သွားခဲ့ပါတယ်။ Theory Of Everything က ဟော့ကင်းရဲ့ တကယ့်ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပြီး အက်ဒီရက်မေနီးက သရုပ်ဆောင်ထားတာပါ။ မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။

(၄) The Social Network

Source : Sony Pictures Entertainment0

အခုခေတ်မှာ Facebook နဲ့ မတ်ခ်ဇူကာဘတ်ဆိုတဲ့ နာမည်နှစ်လုံးကို မသိတဲ့လူ မရှိသလောက် ရှားပါလိမ့်မယ်။ ဒါပေမယ့် မတ်ခ်ဇူကာဘတ် ဘယ်လို ဖြစ်လာတယ်။ Facebook ကို ဘယ်လို တည်ထောင်ခဲ့တယ်ဆိုတာကို သိတဲ့လူ နည်းပါလိမ့်မယ်။ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ The Social Network မှာ မတ်ခ်ဇူကာဘတ်အဖြစ် ဂျက်ဆီအိုင်ဆင်ဘတ်ခ်က သရုပ်ဆောင်ထားပါတယ်။

ကွန်ပျူတာဉာဏ်ကြီးရှင် ဟားဗတ်ကျောင်းသားတစ်ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အသက်အငယ်ဆုံး ဘီလျံနာ ဘယ်လိုဖြစ်လာတယ်ဆိုတာ ဒီရုပ်ရှင်မှာ ကြည့်ရမှာပါ။ The Social Network ဟာ အကယ်ဒမီဆု ၃ ဆုနဲ့ Golden Globe ဆု ၄ ဆု အထိ ရထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။