သင်က အတည်ရည်ရွယ်ထားတဲ့ အချစ်ရေး တစ်ခုကို ပိုင်ဆိုင်ထားရင် သင်ချစ်ရသူကို အချိန်အများစုမှာ ပျော်စေချင်မှာပါ။ အချစ်ရေး တစ်ခု ပျော်ရွှင်ဖို့က နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုရှိကာ စိတ်ပျော်ရွှင်နေဖို့ လိုပါတယ်။ ဒီလို ပျော်နေဖို့လည်း အချင်းချင်း စိတ်ပိုင်းဆိုင်ရာ Support ပေးသင့်ပါတယ်။ သင့်ကောင်လေးက ဖိအားအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျတာ၊ မပျော်တာ ဖြစ်လာရင် သင့်အနေနဲ့ ဘာတွေ လုပ်ပေးလေ့ရှိလဲ။ သူ့ကို ဘာလို့ စိတ်ညစ်နေတာလဲလို့ စိတ်ဆိုးမလား၊ နှစ်သိမ့်မလား ဆိုတာက သင့်ရွေးချယ်ခွင့်ပါ။ သင်က စိတ်ညစ်နေတဲ့ ကောင်လေးကို ပြန်ပျော်ရွှင်ဖို့ ဘေးကနေ Support ပေးချင်ရင်တော့ ဒါတွေကို လုပ်ပေးနိုင်ပါတယ်။

အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူဖို့ တိုက်တွန်းပါ

သင့်ကောင်လေးက စိတ်ညစ်နေတယ်ဆိုရင် အိပ်ရာထဲမှာပဲ လှဲနေဖို့ အားမပေးသင့်ဘဲ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့၊ အားကစား တစ်ခုခု လုပ်ဖို့ တိုက်တွန်းပေးသင့်ပါတယ်။ သူက ရင်ဖွင့်ချင်ရင်လည်း သင်က သေချာ နားထောင်ပေးသင့်ပါတယ်။

သူ့ကို နေရာပေးပါ

သူတစ်ယောက်တည်းနေချင်တယ်လို့ တောင်းဆိုရင် သင်က သူ့စကားကို နားထောင်သင့်ပါတယ်။ တစ်ခါတလေ သူတို့ စိတ်ညစ်နေတဲ့အခါ ဘာမှမလုပ်ဘဲ ဘေးက ဒီအတိုင်းပဲ ကြည့်နေတာကလည်း သူ့ကို စိတ်သက်သာရာ ရသွားစေပါတယ်။

စကားအတင်းပြောဖို့ မတိုက်တွန်းပါနဲ့

ကောင်လေးက သူ့ဆံပင်ကို ကိုင်ပေးတာ နှစ်သက်ရင် သင်က သူ့ခေါင်းလေးကို ပွတ်ပေးကာ ဘာမှမပြောဘဲ နေသင့်ပါတယ်။ သူ့ကို ဘာလို့ စိတ်ညစ်လဲ အကြောင်းအရင်းတွေကို မေးမနေသင့်ပါဘူး။ သူ ပြောချင်ရင် သူ့အလိုလို စကားပြောလာပါလိမ့်မယ်။

လမ်းအတူတူလျှောက်ပါ

ကောင်လေးက စိတ်ဓာတ်ကျနေတယ်ဆိုရင် သူနဲ့ လမ်းအတူတူ လျှောက်နိုင်ပါတယ်။ သူက လမ်းလျှောက်ရင်း စကားပြောနေတဲ့အခါ သင်က ဒါကို နားထောင်သင့်ပါတယ်။ သူက သင့်ဆီက အကြံဉာဏ်တောင်းလာရင် သင့်ခံစားချက်ကို သူ့ကို ပြောနိုင်ပါတယ်။

ပွေ့ဖက်ပါ

သူစိတ်ညစ်နေတဲ့အချိန် သင်က ပွေ့ဖက်ပေးတာကလည်း သူ့ကို စိတ်အား ပြန်တက်စေပါတယ်။ Physical Touch ကလည်း စိတ်ခွန်အားပေးနိုင်တဲ့ အပြုအမူ တစ်ခုပါ။

သင်က သူ့အနား ရှိနေကြောင်း သူသိပါစေ

သူ့ခံစားချက်တွေကို နားထောင်ပြီးနောက် သင်က သူ့အနားမှာ ရှိနေပေးမှာ ဖြစ်ကြောင်း ပြောပြသင့်ပါတယ်။ သူ ဘယ်လိုအခက်အခဲပဲ ကြုံလာပါစေ သင်က သူ့ကို အမြဲအားပေးမှာ ဖြစ်ကြောင်း ၊ ချစ်နေမှာ ဖြစ်ကြောင်း သူ သိလာအောင် ပြောပြသင့်ပါတယ်။

သူ့နောက်ကြောကို ပွတ်ပေးပါ

ဒါကလည်း ပွေ့ဖက်သလိုပဲ နောက်ထပ် အားပေးနည်း တစ်မျိုးပါပဲ။ သူ့နောက်ကြောလေးကို အရာရာ အဆင်ပြေသွားမှာပါ ဆိုတဲ့ သဘောနဲ့ ပွတ်ပေးနိုင်ပါတယ်။ ဒီလိုဆိုရင် သူ့အနားမှာ သင်ရှိကြောင်း ပြောပြသလိုပါပဲ။

သူတို့အတွက် အစားအသောက်ပြင်ဆင်ပေးပါ

သူကြိုက်တဲ့ အစားအသောက်ကို သင်က လိုက်ဝယ်ကျွေးတာ ဒါမှမဟုတ် သူ့အတွက် ပြင်ဆင်ပေးတာ စတာတွေက နွေးထွေးမှုကို ပြသတာပါ။ ဒီအပြုအမူလေးတွေက သင့်ရဲ့ စိတ်ညစ်နေတဲ့ ကောင်လေးကို ပျော်ရွှင်စေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar