အပြုံးတစ်ပွင့်ကလည်း မိန်းကလေးတစ်ယောက်ရဲ့ဆွဲဆောင်မှုပြင်းအား တစ်ခုပါပဲ့။ အမြဲတမ်းပြုံးနေတဲ့မိန်းကလေးတစ်ယောက်ဟာ အချိန်တိုင်းမှာ သူများထက်ပိုဆွဲဆောင်မှုရှိနေတယ်ဆိုတာကို သင်ငြင်းလို့မရပါဘူး။ ဒီလိုလှပပြီး ဆွဲဆောင်မှုရှိတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ဖို့ဆိုတာကလည်း မိန်းကလေးတစ်ယောက်အနေနဲ့ ဂရုစိုက်ပေးရမယ့်အရာတွေ ရှိပါတယ်နော်။

ကဲ…ဆွဲဆောင်မှုပြင်းအားပိုစေတဲ့ နက်သက်ကြွေတဲ့အပြုံးပိုင်ရှင်လေးတွေဖြစ်ချင်ရင်တော့ ဒီအရာလေးတွေကို ဂရုတစိုက်လိုက်လုပ်ပေးဖို့ မမေ့နဲ့နော်။

ဖြုဖွေး‌သန့်ရှင်းတဲ့သွားလေးတွေဖြစ်နေဖို့

အဓိကကတော့ သင့်ရဲ့သွားတွေဟာ ဖြူဖွေးပြီးလှပနေဖို့ လိုပါတယ်။ ရယ်လိုက်၊ ပြုံးလိုက်လို့ သွားကဝါနေတာမျိုးဆို ဘယ်လှပမလဲ။ ဒါကြောင့် သွားလေးတွေဖြူဖွေးနေဖို့ Whitening ပါတဲ့ သွားတိုက်ဆေးလေးကို အသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ် ပျိုမေတို့ရေ။ သွားမှာကပ်နေတဲ့အစွန်းအထင်းတွေ ပျောက်ချင်တယ်ဆိုရင်တော့ Ice Tea လေးတွေကို ပိုက်လေးတွေနဲ့ သောက်ပေးပါ။

နှုတ်ခမ်းကို Scrub လေးပုံမှန်လုပ်ပေးဖို့

ခြောက်သွေ့အက်ကွဲနေတဲ့နှုတ်ခမ်းနဲ့ဆိုလည်း ပြုံးလိုက်ရင် မလှပါဘူးနော်။ ဒါကြောင့် နှုတ်ခမ်းကိုလည်း Scrub လေးပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးပါ။ သကြားနဲ့ပျားရည်ကို ရောမွှေပြီး နှုတ်ခမ်းမှာပွတ်လိမ်းပြီး Scrub လုပ်ပေးရုံပါ။ Scrub လုပ်ပေးရုံနဲ့လည်း မပြီးသေးဘူးနော်။ Lip Balm ဆိုးပြီး သွားပွတ်တံလေးနဲ့ နှုတ်ခမ်းကိုပွတ်ပေးရမှာပါ။ ဒါမှလည်း နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲနေတာတွေပျောက်ပြီး နူးညံ့ချောမွတ်တဲ့နှုတ်ခမ်းသားလေးကို ရရှိမှာပါ။

နှုတ်ခမ်းနီကောင်းကောင်းဆိုးတတ်ဖို့လည်း လိုပါမယ်နော်

မိန်းကလေးတိုင်းဟာ နှုတ်ခမ်းနီဆိုးသင့်ပါတယ်။ သပ်သပ်ရပ်ရပ်လေးနဲ့ လှပနေအောင် နှုတ်ခမ်းနီဆိုးတတ်ဖို့လည်း လိုပါသေးတယ်။ ဒါမှလည်း ပြုံးလိုက်တိုင်းမှာ ဆွဲဆောင်မှုအပြည့်နဲ့လှနေမှာပါ။ ဖြစ်နိုင်ရင်တော့ မိန်းကလေးတစ်ယောက်မှာ အနီရောင်နှုတ်ခမ်းနီလေးတစ်ခုလောက် ရှိထားသင့်ပါတယ်။ နှုတ်ခမ်းနီအနီရောင်လေးဆိုးထားရင်တော့ ထက်မြတ်တဲ့အပြုံးပိုင်ရှင်လေးဖြစ်နေမှာပါ။ ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေးဖြစ်ချင်ရင်တော့ ကိုရီးယားမလေးတွေဆိုးသလို နှုတ်ခမ်းနီကို နှုတ်ခမ်းအတွင်းသားလေးတွေမှာပဲ ဆိုးပေးပါ။

နှုတ်ခမ်းနီ သွားမှာပေကျံမနေစေဖို့

နောက်ဆုံးတစ်ခုအနေနဲ့ သတိထားရမှာကတော့ မိန်းကလေးတော်တော်များများဟာ နှုတ်ခမ်းနီဆိုးပြီးရင် သွားမှာပေနေတတ်ပါတယ်။ သွားမှာနှုတ်ခမ်းနီတွေပေနေရင်တော့ ပြုံးလိုက်၊ ရယ်လိုက်တိုင်းမှာ ပေါ်နေမှာဖြစ်တဲအတွက် လှပတဲ့အပြုံးတစ်ခုကိုမပိုင်ဆိုင်နိုင်တော့ပါဘူး။ ဒါကြောင့် နှုတ်ခမ်းနီဆိုးပြီးတာနဲ့ ပါးစပ်ထဲကိုလက်ညိုးထည့်ပြီး ပြန်ထုတ်လိုက်ပါ။ ဒါဆိုရင်တော့ သွားမှာလည်း နှုတ်ခမ်းနီတွေမပေတော့ပါဘူး။