အားလုံးပဲ မင်္ဂလာပါ။ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်ပေါ်တတ်တဲ့ ဆံပင်ကျွတ်တာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားလို့ရသလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။ တစ်ချို့တွေကလည်း မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တတ်သလို၊ တစ်ချို့တွေကျတော့ အစားအသောက်စားသုံးမှု ပုံစံ မမှန်ကန်တာတွေ စိတ်ဖိစီးမှုများတာတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။

ဒါ့ကြောင့် ဆံပင်တအားကျွတ်ပြီး ဆံပင်တွေပါ ပါးသွားတဲ့အဆင့်ထိရောက်တဲ့သူတွေအတွက် အထိရောက်ဆုံး သဘာဝပေါင်းတင်နည်းလမ်းလေးတွေကို လက်တို့ပါရစေနော်..

Green Tea

Green Tea လက်ဖက်အိတ် ၂ ထုတ်နဲ့ ရေနွေးပူ ၂ ခွက် (သို့မဟုတ်) ၃ ခွက်ခန့် လိုအပ်ပါမယ်။ ရေနွေးပူထဲကို လက်ဖက်အိတ် ၂ ထုတ်ထည့်ထားပြီး ရေနွေး အေးသွားတဲ့အထိ စောင့်ဆိုင်းပါ။ ရေနွေး အေးသွားတဲ့အခါ လက်ဖက်အိတ် ၂ ထုတ်ကို ဖယ်လိုက်ပြီး လက်ဖက်ခပ်ထားတဲ့ ရေနဲ့ခေါင်းလျှော်လိုက်ပါ။ ဦးရေပြားကို နှိပ်နယ်ပေးပါ။ လက်ဖက်ခပ်ထားတဲ့ရေကို ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပျော့ဆေးအဖြစ်နဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ ဒီနည်းလမ်းလေးကို ခေါင်းလျှော်ပြီးတဲ့အခါတိုင်း တစ်ပတ် နှစ်ကြိမ်ခန့် အသုံးပြုပေးပါ။

အာလူးနဲ့ ဖြေရှင်းနိုင်မယ့်နည်း

လိုအပ်မယ့် ပစ္စည်းတွေကတော့ အာလူးတစ်လုံး၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ပဲဖြစ်ပါတယ်။ အာလူးကို ရေသေချာဆေးပြီး အခွံခွာပေးလိုက်ပါ။ ပြီးရင် အတုံးသေးသေးလေးတွေ တုံးပြီး သစ်သီးကြိတ်စက်ထဲထည့်ကာ အနှစ်လေးတွေရအောင် ပြုလုပ်ပါ။ ရလာတဲ့အနှစ်တွေကို အဝတ်စသန့်သန့်လေးတစ်ခုနဲ့ အရည်ရလာအောင် ညှစ်ပေးလိုက်ပါ။ အာလူးရည်ရလာတဲ့အခါ ပျားရည်နဲ့ရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ ရောလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံကေသာပေါ်ကို သုတ်လိမ်းပေးပြီး မိနစ် ၃၀ ခန့် စောင့်လိုက်ပါ။ ပြီးတဲ့အခါ ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ပေးရပါမယ်။ ဒီနည်းလမ်းလေးကို တစ်ပတ် တစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဆံကေသာသန်စွမ်းကျန်းမာလာပြီး ဆံပင်ကျွတ်တဲ့ပြဿနာက ကင်းဝေးသွားပါလိမ့်မယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းလေးနဲ့ ခပ်ထုတ်လိုက်ပြီး ဆံပင်တွေကို ပွတ်တိုက်ပေးလိုက်ပါ။ ရှားစောင်းလက်ပတ်နဲ့ မသုတ်လိမ်းခင်းမှာ ခေါင်းလျှော်ထားဖို့တော့ လိုပါမယ်။ သုတ်လိမ်းပြီးသွားတဲ့အခါ ဦးရေပြားကို စက်ဝိုင်းပုံသဏ္ဍာန်နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်စောင့်ပြီးမှာ ရေအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ် ၃ ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်မကျွတ်တော့ဘဲ ဆံပင်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်ဥအကာနဲ့ ပေါင်းတင်မယ်

ကြက်ဥနှစ်လုံးကို ခွဲလိုက်ပြီး အကာနဲ့အနှစ်ကို သပ်သပ်စီဖယ်ထုတ်လိုက်ပါ။ ကြက်ဥအကာကို သေချာမွှေခလောက်ပြီးတဲ့အခါ ဦးရေပြားနဲ့ ဆံကေသာပေါ်ကို သုတ်လိမ်းလိုက်ပါ။ ကြက်ဥအကာသုတ်လိမ်းထားတဲ့ ဆံကေသာကို Shower Cap လေးနဲ့ မိနစ် ၂၀ ခန့် အုပ်ထားလိုက်ပါ။ ပြီးမှ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။