အသက်ကြီးလာပြီဆိုရင် ပြတဲ့သင်္ကေတထဲမှာ ထိပ်ပြောင်ခြင်း ကလည်း ယေဘုယျအတွေ့ရဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ဆံပင်ကျွတ်လာတိုင်း ထိပ်ပြောင်တာတော့ မဟုတ်ပါဘူး။ ပုံမှန်လူတစ်ယောက်ဟာ တစ်ရက်ကို ဆံပင်အရေအတွက် ၅၀ ကနေ ၁၀၀ အကြား ကျွတ်ပါတယ်။

ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ မျိုးရိုးလိုက်ပြီး ဆံပင်ကျွတ်တတ်တဲ့ androgenetic alopecia ကနေ စိတ်ခံစားမှုအခြေအနေတွေကြောင့် ယာယီဆံပင်ကျွတ်တာတွေလည်း ရှိပါတယ်။ ထိပ်ပြောင်တော့မယ်ဆိုရင်တော့ များသောအားဖြင့် ဒီလက္ခဏာတွေ အရင်ပြလေ့ရှိပါတယ်။

(၁) စက်ဝိုင်းပုံ ထိပ်ကွက်လာခြင်း

ဆံပင်ဟိုနားဒီနား ကျွတ်လာခြင်းဟာ စက်ဝိုင်းပုံစံ ဒါမှမဟုတ် အကွက်လိုက် ဖြစ်လာရင် နှစ်အနည်းငယ်အတွင်း ထိပ်ပြောင်တော့မယ်လို့ အချက်ပြနေတာ ဖြစ်ပါတယ်။ ဆံပင်မကျွတ်ခင်မှာ ကျွတ်မယ့်နေရာက နာကျင်တာနဲ့ ယားယံတာမျိုး ကြုံနိုင်ပါတယ်။

(၂) ဆံပင် ပါးလာခြင်း

ထိပ်ပြောင်တော့မယ့်အကြောင်း နောက်ထပ်သိသာတဲ့ အချက်တစ်ခုက ဆံပင်တွေ ပါးလာခြင်းပဲ ဖြစ်ပါတယ်။ နဖူးနသယ်စတွေ ပြောင်လာဖို့အတွက် အရင်ဆုံး ဆံပင်တွေ ပါးပါးလာတာ တွေ့ရပါလိမ့်မယ်။ ဒီချိန်မှာ ကုထုံးကောင်းကောင်းနဲ့ ကုသနိုင်ပါတယ်။

(၃) ဆံပင်ကျွတ်လာခြင်း

အပေါ်မှာ ပြောခဲ့သလိုပဲ ပုံမှန်အားဖြင့် နေ့တိုင်းလိုလို ခေါင်းကဆံပင်တွေ ကျွတ်ကြပါတယ်။ ထိပ်ပြောင်ခါနီးမှာတော့ ဆံပင်ကျွတ်တဲ့ပမာဏဟာ သာမန်ထက် များသထက်များလာပြီး အထွေးလိုက် ကျွတ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဒါဟာ ယာယီလက္ခဏာတစ်ခုဖြစ်ပြီး အမြဲတမ်းလက္ခဏာတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။

မျိုးရိုးလိုက်တဲ့ ထိပ်ပြောင်ခြင်းလက္ခဏာတစ်ခုက ခေါင်းဖြီးလိုက်ချိန်မှာ ဆံပင်တွေ ပြတ်ပါလာတာမျိုး ၊ ဆံပင်ခွဲကြောင်းနဲ့ နဖူးထိပ်နား ဆံပင်များ ပြောင်လာခြင်းများ သတိပြုမိလာပါလိမ့်မယ်။ ဒီအခြေအနေတွေ မဖြစ်လာခင်မှာ ကိုယ့်ဘက်က နေမှုပုံစံကို ပြုပြင်ထားသင့်ပြီး ဆံပင်ကျွတ်တဲ့ပြဿနာကို ကျွမ်းကျင်သူနဲ့ အမြန်ဖြေရှင်းသင့်ပါတယ်။