စိတ်ဓာတ်ကျခြင်းလို့ခေါ်တဲ့ Depression ဟာ စိတ်ပိုင်းဆိုင်ရာကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အသက်ကြီးရင့်သူတွေမှာသာမက အခုခေတ်လူငယ်တွေမှာလည်း အဖြစ်များလာတဲ့ ခေတ်သစ်စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။

Depression ခံစားရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပြီး အဆိုးဆုံးအခြေအနေတွေအရဆိုရင် အသက်အန္တရာယ်ပါထိခိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Depression နဲ့ပတ်သတ်ပြီး ပေါ့ပေါ့ဆဆမနေဖို့ Depression ရဲ့ ရှေ့ပြေးလက္ခဏာတွေကို ကြိုတင်သိနားလည်ထားဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) မျှော်လင့်ချက်မဲ့သလိုခံစားရမယ်

Depression ရဲ့ ရှေ့ပြေးလက္ခဏာတွေထဲက အဖြစ်အများဆုံးတစ်ခုက ဘဝမှာ မျှော်လင့်ချက်မဲ့နေတဲ့ခံစားမှုမျိုး ခံစားလာရတာပါပဲ။ နောက်ပြီး အပြစ်ရှိသလိုခံစားရခြင်း၊ တန်ဖိုးမရှိသလို ခံစားရခြင်း၊ အသုံးမကျတဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ထင်မြင်ခြင်း၊ မိမိကိုယ်ကို မုန်းတီးခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြစ်လာတတ်ပါတယ်။

(၂) စိတ်ဝင်စားမှုလျော့ကျလာမယ်

စိတ်ကျရောဂါခံစားလာရပြီဆိုရင် ဘယ်အရာကိုမှ ကောင်းစွာစိတ်ဝင်စားမှု ရှိတော့မှာမဟုတ်ပါဘူး။ သင်ချစ်မြတ်နိုးတဲ့ ဝါသနာတွေ၊ လှုပ်ရှားမှုတွေအပေါ်မှာပါ စိတ်ဝင်စားမှုလျော့ကျလာမှာဖြစ်ပါတယ်။

(၃) အာရုံစူးစိုက်ရခက်လာမယ်

ကိစ္စတိုင်းကို ကောင်းကောင်း အာရုံစိုက်လို့မရတော့ပဲ စိတ်တွေအမြဲ ပြန့်လွင့်နေခြင်းကလည်း Depression ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အချိန်တော်တော်များများမှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးခြင်းတွေ ခံစားနေရပြီး ဘာကိုမှ ကောင်းစွာအာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဘာလုပ်လို့လုပ်နေမှန်းမသိတဲ့အထိ အခြေအနေဆိုးလာနိုင်ပါတယ်။

(၄) စိတ်ခံစားမှုထိန်းချုပ်ရခက်လာမယ်

Mood swing ဖြစ်တယ်လို့ ခေါ်တဲ့ စိတ်အတက်အကျမြန်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ များသောအားဖြင့် စိတ်ခံစားမှုတွေ ထိန်းချုပ်ရခက်လာပြီး အခုချက်ချင်း ဒေါသတကြီးဖြစ်နေပေမယ့် နောက်တစ်မိနစ်လောက်အကြာမှာ ဝမ်းနည်းစွာငိုကြွေးမိတာမျိုးပါ။

ဒီလို တဒင်္ဂအတွင်းမှာ စိတ်အပြောင်းအလဲမြန်တာမျိုး စိတ်အတက်အကျမြန်တာမျိုးတွေဖြစ်နေပြီဆိုရင် Depression ရဲ့ လက္ခဏာဆိုတာ သတိထားသင့်ပါပြီ။

(၅) အသက်အန္တရာယ်ထိခိုက်မယ့်အရာတွေ လုပ်ချင်လာမယ်

စိတ်ဓာတ်ကျခြင်းဟာ တစ်ခါတစ်ရံမှာ မိမိကိုယ်ကို အသက်အန္တရာယ်ပေးခြင်းနှင့် ဆက်စပ်နေပါတယ်။ လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေဟာ စိတ်ကျရောဂါ ခံစားနေရသူတွေမှာ အဖြစ်များပြီး စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကြောင့် အန္တရာယ်ရှိတဲ့အရာတွေ လုပ်မိဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးမိလာမျိုး ဖြစ်ပါတယ်။

ဒီလိုကိုယ့်ကိုယ်ကို အသက်အန္တရာယ်ထိခိုက်မယ့်အရာတွေ လုပ်ချင်စိတ်ဖြစ်ပေါ်နေတယ်ဆိုရင် မိသားစုဝင်တွေ အရင်းနှီးဆုံးမိတ်ဆွေကို ရင်ဖွင့်တိုင်ပင်ပြီး အမြန်ဆုံးစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်ပါတယ်။