ကိုဗစ်ဖြစ်နေတာကြောင့် ကျောင်းတွေပိတ်ထားလို့ ကျောင်းမတက်ရသေးပေမယ့် ရုံးတွေကတော့ ပြန်ဖွင့်နေပြီမို့ ဆောင်းမနက်ခင်းအေးအေးလေးမှာ စောင်ခြုံထဲ ဆက်ပြီးကွေးချင်သေးပေမယ့်လည်း အခြေအနေမပေးလို့ မနက်စောစောထရတဲ့ ပျိုမေလေးများအတွက် အကျိုးဖြစ်စေမယ့် ဆောင်းပါးလေးတစ်ပုဒ်ကို ဝေမျှပေးချင်ပါတယ်။

ရုံးသွားရမှာမို့ မဖြစ်မနေ အံကြိတ်ပြီးတော့ ရေမိုးချိုး၊ ပြင်ဆင်ရမယ်ဆိုပေမယ့် ရေအေးအေးနဲ့ မနက်စောစော ခေါင်းလျှော်ဖို့အတွက်ကတော့ တော်တော်လေးကို ခက်ခဲလှပါတယ်။ ကျန်းမာရေးရှုထောင့်ကပဲဖြစ်ဖြစ် အလှအပရေးရာရှုထောင့်ကနေပဲဖြစ်ဖြစ် ဆောင်းရာသီမနက်စောစောမှာ ရေအေးနဲ့ခေါင်းလျှော်တာက မသင့်တော်လှပါဘူး။

အခုလိုမျိုး ဗျာများရမယ့် ပျိုမေလေးများအတွက် အကူအညီဖြစ်စေမယ့် အရာကတော့ Dry Shampoo ပဲဖြစ်ပါတယ်။ စကားတွေအများကြီး ချီပြီးပြောနေရင် အချိန်တွေအလဟဿကုန်နိုင်လို့ အခုပဲ ကောင်းကျိုးတွေကို ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

အဆီတွေစုပ်ပေးတယ်

Dry Shampoo ရဲ့ အဓိကလုပ်ဆောင်ချက်က သင့်ဦးရေပြားကနေတဆင့် ဆံပင်အတွက်ထုတ်လုပ်ပေးတဲ့ သဘာဝအဆီတွေကို စုပ်ယူခြင်းပဲဖြစ်ပါတယ်။ အဆီတွေနဲ့ ချောကျိကျိဖြစ်နေတာ သို့မဟုတ် ခေါင်းမလျှော်တာကြာသွားလို့ ဆံသားညစ်ပတ်နေတာမျိုးလို ကြည့်ရဆိုးတဲ့အသွင်ကို မှေးမှိန်စေပါတယ်။

Dry Shampoo ကို အသုံးပြုမယ်ဆိုပါက ခေါင်းကိုရေစိုစရာမလိုဘဲ ၂ ရက်မှ ၄ ရက်အထိ အထားခံပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူညီသလို တစ်ခေါင်းနဲ့တစ်ခေါင်းမှာထွက်တဲ့ အဆီပမာဏကလည်း မတူနိုင်တာကြောင့် တစ်ချို့လူတွေဆိုရင် ခေါင်းမလျှော်ဘဲနဲ့ ပိုပြီးကြာကြာနေနိုင်မှာဖြစ်ပါတယ်။

အချိန်ကုန်သက်သာတယ်

Dry Shampoo ကို အသုံးပြုခြင်းက ခေါင်းလျှော်စရာမလို၊ ပေါင်းဆေးမလို၊ ပြန်ပြီးအခြောက်ခံစရာမလိုတာမို့ အချိန်အများကြီး သက်သာစေပါတယ်။ ပုံမှန်အချိန်ဆိုရင် သိပ်ပြီးမသိသာပေမယ့် အလောတကြီး ပြင်ဆင်ရတဲ့ မနက်ခင်းတွေမှာဆို အရမ်းအကျိုးရှိပါတယ်။

ဆံသားကိုမွှေးကြိုင်စေတယ်

ခေါင်းမလျှော်တာကြာသွားလို့ အနံ့ထွက်မှာကြောက်နေသူတွေအတွက် Dry Shampoo က ကူညီပေးပါလိမ့်မယ်။ Dry Shampoo က ဦးရေပြားကထွက်တဲ့ အဆီတွေကြောင့် ဆံကေသာအနံ့ဆိုးတွေကို လျော့ပါးစေပါတယ်။ တချို့သော Dry Shampoo တွေက အနံ့သင်းသင်းလေးတွေထည့်ပြီး ထုတ်လုပ်ထားပေမယ့် အကုန်လုံးကတော့ အနံ့ကောင်းလှမှာမဟုတ်ပါဘူး။

ဆံသားအရောင်ကို ကြာရှည်ခံစေတယ်

ရှန်ပူတွေနဲ့ခေါင်းလျှော်ခြင်း၊ ရေပူအသုံးပြုပြီး ပုံမှန်ခေါင်းလျှော်ခြင်းတွေက ဆံသားဆေးအရောင်ကို တဖြည်းဖြည်းနဲ့ မှေးမှိန်လာစေပါတယ်။ သို့သော်လည်း Dry Shampoo ကို အသုံးပြုခြင်းဖြင့် ခေါင်းမကြာခဏ မလျှော်ဖြစ်တော့တာမို့ ဆေးဆိုးထားတဲ့ ဆံပင်အရောင်ကို ကြာကြာထိန်းထားနိုင်မှာဖြစ်ပါတယ်။

ဆံသားကျန်းမာစေတယ်

ပုံမှန်အချိန်တွေမှာ အသုံးပြုတဲ့ ရှန်ပူတွေက ဆံသား စိုစိုပြေပြေနဲ့ ကျန်းမာနေစေဖို့လိုအပ်တဲ့ သဘာဝအဆီတွေကို လုံးလုံးလျားလျား ဖယ်ရှားပစ်လိုက်ပါတယ်။ Dry Shampoo ကတော့ အဆီတွေကို မမြင်သာအောင် ဖုံးရုံသာဖုံးထားတာမို့ ပိုပြီးကောင်းတယ်လို့ ပြောနိုင်ပါတယ်။