ကော်ဖီကြိုက်သူတွေအတွက်တော့ ခါးဆိမ့်သင်းပျံ့တဲ့ ကော်ဖီရနံ့လေး ရတာနဲ့တင် စိတ်ထဲမှာ ကြည်လင်သွားတတ်ပါတယ်။ ကော်ဖီဟာ စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့အပြင် နှလုံးကျန်းမာရေးပါ အားပေးတယ်လို့ ဆိုပါတယ်။

တကယ်တော့ ကော်ဖီဟာ ရောဂါအတော်များများ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ တိုကျိုမြို့ Keio University ရဲ့ လေ့လာချက်အရ ကော်ဖီဟာ ရင်သားကင်ဆာဆဲလ်တွေထဲမှာ ကင်ဆာကို ခုခံနိုင်တဲ့ ပရိုတိန်းတွေ ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါကိုလည်း ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။

Photo : Sittercity

သေမင်းတမန်ရောဂါတစ်မျိုးဖြစ်တဲ့ နှလုံးရောဂါအတွက်လည်း ကော်ဖီသောက်ခြင်းက အကျိူးများပါတယ်။ နယ်သာလန်နိုင်ငံမှ သုတေသီတွေဟာ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၄၀၀၀ ကို လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်။ ဒီသုတေသီတွေဟာ အရင်က လေ့လာချက်တွေကို မူတည်ပြီး ကော်ဖီရဲ့ နှလုံးကျန်းမာရေးပေါ် သက်ရောက်မှုကို အဖြေရှာခဲ့တာပါ။

ဒီလေ့လာချက်တွေအရ နှလုံးကျန်းမာရေးအတွက် တစ်ရက်ကို ကော်ဖီ ၂ ခွက်ကနေ ၄ ခွက်အထိ သောက်ပေးသင့်တယ်လို့ ဆိုပါတယ်။ မော်လီကျူးဆိုင်ရာဇီဝပညာရှင် ဂျူးဒစ်ဟေယန်ဒယ်လာနဲ့ဂျို့ရှ်ချင်း အက်ရှမစ်ဒ်တို့ ဦးဆောင်တဲ့ ဂျာမန်သုတေသီတွေကလည်း ကော်ဖီရဲ့ ကဖိန်းဓါတ်ဟာ နှလုံးကျန်းမာရေးကို ပံ့ပိုးပေးနိုင်တဲ့ သဲလွန်စတွေ တွေ့ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

“အက်စ်ပရက်ဆို ၄ ခွက်ကနေ ၅ ခွက်အထိ သောက်မယ်ဆိုရင် ကျွန်တော်တို့ဆဲလ်တွေထဲမှာ ရှိတဲ့ powerhouse တွေရဲ့ လုပ်ဆောင်မှု တိုးတက်လာဖွယ် ရှိပါတယ်။ ဒါ့ကြောင့်ပဲ ရောဂါကာကွယ်ပေးနိုင်တာ ဖြစ်မှာပါ”လို့ အယ်ရှမစ်ဒ်က Business Insider ကို ပြောပါတယ်။

Photo : Photodune

သိပ္ပံပညာရှင်တွေဟာ နှစ်နဲ့ချီ စောင့်ကြည့်ပြီးနောက် ကော်ဖီသောက်သူတွေဟာ လုံးဝရှောင်ကြဉ်သူတွေထက် နှလုံးရောဂါ ၊ လေဖြတ်နဲ့ ဆီးချိုဝေဒနာနဲ့ အသက်သေဆုံးမှု နည်းတယ်ဆိုတာကို သတိပြုမိခဲ့ကြပါတယ်။ အလားတူ သုတေသနတွေလည်း အများကြီး ထွက်ထားပြီး ဒီအချက်ကို ထောက်ခံနေကြပါတယ်။

ဒါပေမယ့်လည်း ကော်ဖီအလွန်အကျွံသောက်တာဟာ ကျန်းမာရေးအတွက် ပြဿနာရှိပါတယ်။ ကော်ဖီကို အလွန်အကျွံေသာက်မယ်ဆိုရင် သွေးဖိအားတက်လာပြီး ခေါက်ကိုက်ခြင်း ၊ နှလုံးခုန်မမှန်ခြင်းနဲ့ တစ်ကိုယ်လုံး တုန်ခါနေတတ်ပါတယ်။ ဒါကြောင့် အများဆုံးမှ တစ်နေ့ကို ၅ ခွက်ထက် ပိုမသောက်သင့်ပါဘူး။