အဝတ်အစားကောင်းလေးတွေ တွေ့ပေမယ့် ကိုယ့်အသားအရေနဲ့ မလိုက်ဖက်တာမျိုးတွေ ကြုံဖူးမှာပါ။ တစ်ခါတစ်လေ ကြိုက်လွန်းလို့ ဝယ်ပြီးခါမှ အဆင်မပြေလို့ ထုတ်မဝတ်ဖြစ်တာမျိုးတောင် ရှိပါလိမ့်မယ်။

ဒီလိုဖြစ်တာ ကိုယ့်အသားအရေက ဘယ်လိုအရောင်နဲ့ လိုက်တယ်ဆိုတာကို အသေအချာမသိလို့လည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ အသားအရေအလိုက် ရှောင်သင့်တဲ့အရောင်နဲ့ ဝတ်သင့်တဲ့ အရောင်လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အသားလတ်/ခပ်ဖျော့ဖျော့

ဒီလို အသားအရေပိုင်ရှင်တွေကို အမှိုင်းကာလာတွေလို့ဆိုရမယ့် မီးခိုးရောင် ၊ အညိုရောင် ၊ ခရမ်းရင့်ရောင် ၊ အစိမ်းပုတ် ၊ အပြာရင့်နဲ့အပြာမှိုင်းတွေ ဝတ်ဖို့အကြံပေးပါတယ်။

ဒီအရောင်တွေဟာ အသားလတ်သူတွေကို ထင်းစေမယ့် အရောင်တွေပါ။ အသားဖြူတယ်ဆိုနိုင်တဲ့ သူတွေမှာ အရောင်ဖျော့တဲ့ အဝတ်တွေ ဝတ်မယ်ဆိုရင် ထင်ပေါ်မှာ မဟုတ်လို့ရှောင်သင့်ပါတယ်။ နောက်တစ်ခုက အနက် နဲ့ အဖြူဗြောင်တွေကိုလည်း ရှောင်သင့်ပါတယ်။

(၂) ပုံမှန်အသားအရေ

အသားမဖြူမညိုဆိုရင် နည်းနည်းတောက်တာ နဲ့ ခပ်မှိုင်းမှိုင်းကြား ကာလာတွေနဲ့လိုက်ပါတယ်။ ဒီလိုအသားအရေတွေဟာ အနီ ၊ ခရမ်း ၊ အပြာနဲ့အစိမ်းတွေနဲ့လိုက်ဖက်သလို အရောင်ရင့်ရင့် ဝတ်ရင် ပိုကြည့်ကောင်းပါတယ်။

သိပ်ပြီး မဝတ်သင့်တာက အညိုဖျော့ ၊ ရွှေရောင် ၊ အနီနဲ့လိမ္မော်စပ်ရောင်တွေပါပဲ။ Black & White တွေ ကြိုက်ရင်လည်း ဒီလိုအသားအရေနဲ့လိုက်ဖက်ပါတယ်။

(၃) ကြေးနီရောင် အသားညို

အစိမ်းရင့် ၊ ခရမ်းရင့် နဲ့အပြာရင့် စတဲ့ ကာလာတွေက အသားညိုတဲ့ သူတွေအတွက် အဆင်ပြေပါတယ်။ အဖြူ ၊ အနက်တို့လို သမရိုးကျအရောင်တွေ ကြိုက်တယ်ဆိုရင်လည်း ဂျင်းဘောင်းဘီ အဖြူ (သို့) အပြာနု ခပ်မှိုင်းမှိုင်းနဲ့တွဲဝတ်လို ရပါတယ်။

အဝါရောင် ၊ အစိမ်းရောင်များတဲ့ အဝတ်အစားတွေက ဒီလိုအသားအရေအတွက် အဆင်မပြေပါဘူး။

(၄) အသားမည်းသူများ

ဒီလိုအသားအရေမျိုးဟာ ခပ်တောက်တောက်ကာလာတွေ ဝတ်လို့ရပေမယ့် ကိုယ့်ဝတ်စုံတစ်ခုလုံးမှာ အရောင်ကာလာတွေက တစ်ခုနဲ့တစ်ခု ဟန်ချက်ညီဖို့လိုပါတယ်။

အရောင်ဖျော့ဖျော့လည်း ဝတ်နိုင်သလို အဖြူရောင်လို ပုံမှန်အရောင် နဲ့ အပြာတောက်တောက် ၊ အဝါ ၊ လိမ္မော် ၊ အနီနဲ့အစိမ်းရောင်တွေလည်း ဝတ်ဖို့သင့်ပါတယ်။ 

အနက်နဲ့အညိုဘက် ကဲတဲ့ အရောင်တွေကတော့ အသားမည်းတဲ့သူတွေ ရှောင်ရမယ့် အရောင်တွေထဲမှာ ပါနေပါတယ်။