မျက်နှာကို အလှဖျက်တဲ့ အရာတွေထဲမှာ မေးနှစ်ထပ်ဖြစ်ခြင်း (Double Chin) လည်း ပါဝင်နေပါတယ်။ မေးစေ့အောက်နဲ့ မေးရိုးတစ်ဝိုက်မှာ အဆီတွေ စုဝေးရာကနေ မေးနှစ်ထပ်ပုံစံ ဖြစ်လာတတ်ပါတယ်။ မေးနှစ်ထပ်ဖြစ်ခြင်းကြောင့် ကျန်းမာရေးအရ ကြီးကြီးမားမား စိုးရိမ်စရာမရှိပေမယ့် အဆီလွန်ကဲခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ Double Chin ဖြစ်ခြင်းဟာ ဝိတ်တက်လာခြင်းနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်အလေးချိန် ရှိသူတွေလည်း မေးနှစ်ထပ် ဖြစ်နိုင်ပါတယ်။ မေးနှစ်ထပ် ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကို ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရမှာပါ။

(၁) အသားအရေအိုမင်းလာခြင်း

အသက်ကြီးလာရင် အရေပြားတွေ ပျော့တွဲလာတတ်ပါတယ်။ အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်ထုတ်လုပ်မှုလည်း ကျဆင်းသွားတဲ့ အရွယ်ရောက်လာလို့ ဖြစ်ပါတယ်။ မေးရိုးတစ်ဝိုက်အသားအရေ ပျော့တွဲလာခြင်းမျိုး မဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Skincare လုပ်တာ ၊ Lifestyle မှန်ကန်စေဖို့ သတိပြုတာမျိုး လုပ်သင့်ပါတယ်။

(၂) အနေအထိုင်

စမတ်ဖုန်းနဲ့ လက်ပ်တော့တွေ အသုံးများလာခြင်းဟာ ကျန်းမာရေးကို ထိခိုက်မှု ရှိတယ်ဆိုတာ အားလုံးပဲ ကြားဖူးကြမှာပါ။ စမတ်ဖုန်းအသုံးများလာရင် လူနေတဲ့ ပုံစံ Posture လည်း မှားယွင်းလာပါတယ်။ ခေါင်းကို အကြာကြီးငုံ့ထားခြင်းကြောင့် လည်ပင်းနဲ့ မေးစေ့ကို ဆက်သွယ်ပေးထားတဲ့ Platysma ကြွက်သားတွေပေါ် ဖိအားများလာပြီး မေးရိုးတစ်ဝိုက် ကြွက်သားတွေ ပျော့တွဲလာစေနိုင်ပါတယ်။

(၃) မျက်နှာပုံစံ

လူတွေရဲ့ မတူညီတဲ့ မျက်နှာပုံစံနဲ့ မေးရိုးတည်ဆောက်ပုံကလည်း မေးနှစ်ထပ်ဖြစ်စေနိုင်ပါတယ်။ မျက်နှာဝိုင်းတဲ့သူတွေ ၊ မေးရိုးပြတ်သားမှု သိပ်မရှိသူတွေမှာဆို မေးနှစ်ထပ်ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

(၄) ကိုယ်အလေးချိန် လွန်ကဲခြင်း

ဝလာရင် မေးနှစ်ထပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ လူတစ်ယောက်ဟာ ဝလာပြီဆိုတာနဲ့ အဆီတွေဟာ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတာပါ။ ဒီအခါမှာ မျက်နှာနဲ့ မေးစေ့တွေလည်း အဆီတွေ အရောက်များပြီး မေးနေရာမှာ အဆီပိုတွေ စုသွားနိုင်ပါတယ်။

Photo : Shutterstock