အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်ကြီးထဲမှာ စားဝတ်နေရေးအတွက်လည်း ရုန်းကန်ရ၊ ကျောင်းသူကျောင်းသားတွေဆိုရင်လည်း ကျောင်းစာနဲ့ လုံးပမ်းရ၊ လူမှုဆက်ဆံရေးမှာလည်း ဝင်ဆံ့အောင် ပေါင်းသင်းဆက်ဆံရပါသေးတယ်။ တစ်ခါတစ်လေမှာ စိတ်ညစ်စရာတွေကလည်း မဖိတ်ခေါ်ပါပဲနဲ့ သူ့အလိုလိုရောက်ချလာပြန်ရော။

အဲ့ဒီအခါမျိုးမှာ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ၊ အားပေးစကားကြားရမှ စိတ်သက်သာရာရကြတာပါ။ အကယ်၍သင့်အနီးပတ်ဝန်းကျင်က သင့်သူငယ်ချင်း၊ သင့်ချစ်သူ၊ သင့်မိသားစုတစ်ယောက်ယောက်က စိတ်ဓာတ်ကျလာရင် သင်ဘယ်လိုမျိုး နှစ်သိမ့်ပေးလေ့ရှိလဲ။

အခု ပြောပြပေးချင်တာကတော့ စိတ်ဓာတ်ကျနေသူတစ်ယောက်ကို ဘယ်လိုမျိုးနှစ်သိမ့်ပေးသင့်လဲ၊ ဘယ်လိုစကားမျိုးကို မပြောသင့်ဘူးလဲဆိုတာကို ဗဟုသုတရအောင်ဆက်ဖတ်ကြည့်ရစို့နော်။

၁။ မင်းလိုအပ်တိုင်း ငါဘေးနားမှာ အမြဲအဆင်သင့်ရှိနေမှာပါ။

(ပြောသင့်တာက) မင်းတစ်ယောက်တည်း စိတ်ညစ်စရာမလိုပါဘူး၊ ငါတို့ အတူတူကျော်ဖြတ်ကြမယ်။
(မပြောသင့်တာက) မင်းထက် အခြေအနေဆိုးတဲ့သူတွေ အများကြီးရှိပါတယ်ကွာ။

၂။ သူက သင့်အတွက် အရေးကြီးသူတစ်ယောက်ဖြစ်ကြောင်း သူသိပါစေ။

(ပြောသင့်တာက) မင်းက ငါ့ဘဝအတွက် အရေးကြီးတဲ့သူတစ်ယောက်ပါ။
(မပြောသင့်တာက) ဘယ်သူကမှတော့ ဘဝကြီးက တရားမျှတတယ်လို့ မထင်ကြပါဘူးကွာ။

၃။ သူ့ကို တတ်နိုင်သမျှကူညီပေးပါ။

(ပြောသင့်တာက) မင်းကို ပွေ့ဖက်ပေးထားရမလား။
(မပြောသင့်တာက) ကိုယ့်ကိုယ်ကို အပြစ်တင်နေတာ တော်ပါတော့ဟာ။

၄။ မုန်တိုင်းလာပြီးရင် လေပြေလာသလို စိတ်ညစ်စရာဆိုတာလည်း ခဏပဲလို့ ပြောပေးပါ။

(ပြောသင့်တာက) အားတင်းထားပါ။
(မပြောသင့်တာက) ဒါဆို မင်းအခု စိတ်ဓာတ်ကျနေတာပေါ့၊ ငါကြည့်လိုက်တိုင်း မင်းက အမြဲတမ်းစိတ်ဓာတ်ကျနေသလိုပဲနော်။

၅။ မျှော်လင့်ချက်ရှိကြောင်းသူသိပါစေ။

(ပြောသင့်တာက) ငါတို့က ဒီကမ္ဘာကြီးပေါ်မှာ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုဖို့ ကူညီစောင်မပေးဖို့ ဖြစ်တည်နေကြတာပါ။
(မပြောသင့်တာက) စိတ်ဓာတ်မကျအောင်ကြိုးစားပါကွာ။

၆။ အခက်အခဲတွေကို ဖြတ်ကျော်နိုင်မှာ ဖြစ်တဲ့ အကြောင်းပြောပြပေးပါ။

(ပြောသင့်တာက) ဒီပြဿနာတွေပြီးသွားရင်တောင် ငါကမင်းအတွက် အမြဲတမ်း အဆင်သင့်ရှိပေးမှာပါ။
(မပြောသင့်တာက) ဒါတွေအကုန်လုံးက မင်းအပြစ်တွေပဲ၊ မင်းထိုက်နဲ့ မင်းကံ ခံပေါ့။

၇။ သူ့ရဲ့ ခံစားချက်တွေကို တတ်နိုင်သမျှ နားလည်အောင်ကြိုးစားပေးပါ့မယ်လို့ ပြောပေးပါ။

(ပြောသင့်တာက) မင်းရဲ့ ခံစားချက်တွေကို အပြည့်အဝမခံစားပေးနိုင်ပေမဲ့ ကိုယ်ချင်းစာပေးလို့ရပါတယ်။
(မပြောသင့်တာက) မင်းဘယ်လိုခံစားနေရလဲဆိုတာ ငါသိတာပေါ့။ ငါလည်း အရင်က ခဏခဏ စိတ်ဓာတ်ကျဖူးတယ်။

၈။ သူ့ရဲ့စိတ်ညစ်စရာတွေကြောင့် သူ့ဘေးနားကထွက်ပြေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောပြပါ။

(ပြောသင့်တာက) ငါ မင်းကို ဘယ်တော့မှ စွန့်ပစ်သွားမှာ မဟုတ်ဘူး။
(မပြောသင့်တာက) မင်းရဲ့ ပူပင်သောကတွေက ငါ့ကိုအဝေးတွန်းပို့နေသလိုပဲ။

၉။ သင်က သူ့ကို ဂရုစိုက်ကြောင်းပြပေးပါ။

(ပြောသင့်တာက) စိတ်ရင်းအမှန်နဲ့ ချစ်ကြောင်းပြောပေးပါ။
(မပြောသင့်တာက) ငါ၊ ငါ၊ ငါ ဆိုတဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကလေးဆန်နေတာတွေ ရပ်တန်းက မရပ်သေးဘူးလား။

၁၀။ အခက်အခဲတွေကို အတူတူကျော်ဖြတ်ချင်ကြောင်းပြောပေးပါ။

(ပြောသင့်တာက) မင်းအခုလိုခံစားနေရတာကို ငါမကြည့်ရက်ဘူး။ ငါ မင်းကို ဘယ်တော့မှ တစ်ယောက်တည်း ထားသွားမှာမဟုတ်သလို၊ မင်းကို သေသေချာချာဂရုစိုက်ပေးချင်တယ်၊ အဲ့ဒါကြောင့် မင်းရဲ့ အပူတွေငါ့ကိုကူးမှာ စိုးရိမ်စရာမလိုဘူး။
(မပြောသင့်တာက) ကော်ဖီတစ်ခုခု၊ အအေးတစ်ခုခုသောက်ချင်လား။
အခုဆိုရင်တော့ စိတ်ဓာတ်ကျနေသူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်အားပေးသင့်လဲ၊ ဘယ်လိုမပြောသင့်ဘူးလဲဆိုတာ သိပြီဆိုတော့ ဒီနည်းလေးအတိုင်းလိုက်ကျင့်သုံးကြည့်ရအောင်နော်။ ကိုယ့်ကြောင့် သူတစ်ပါးစိတ်ပျော်ရွှင်သွားရင် ကိုယ်လည်း ကုသိုလ်ရတာပေါ့။

Source: www.health.com