ဝက်ခြံ ဆိုတာ မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေမှာ ဖုန် ၊ အညစ်အကြေးနဲ့ အရေပြားဆဲလ်အသေတွေ ပိတ်ဆို့ခြင်းကနေတဆင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ စိတ်ဖိစီးမှု ၊ အစားအသောက် ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ အားနည်းချက်တွေ ကြောင့်လည်း ဝက်ခြံတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ဝက်ခြံကင်းစင်ပြီး ကြည်လင်ရှင်းသန်တဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို သေချာလေးလိုက်နာဖို့ လိုပါလိမ့်မယ်။

(၁) မျက်နှာအလွန်အကျွံ သစ်ခြင်းကို ရှောင်ကြဉ်ပါ

မျက်နှာသစ်တာဟာ အသားအရေ ထိန်းသိမ်းမှုအတွက် အခြေခံ Step တစ်ခုပါ။ ဒါပေမယ့် အပြင်းစား မျက်နှာသန့်စင်ဆေးတွေ အသုံးပြုပြီး မကြာခဏမျက်နှာသစ်မယ် ဆိုရင်တော့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ဝက်ခြံတွေ ပိုထွက်လာစေနိုင်ပါတယ်။ တစ်ရက်မှာ မနက်တစ်ကြိမ် ၊ ညဘက်အိပ်ရာဝင်ခါနီးတစ်ကြိမ် , ၂ ကြိမ်ခန့် မျက်နှာသစ်ရင်ပဲ လုံလောက်ပါပြီ။

(၂) လက်နဲ့ မျက်နှာကို ထိတွေ့ကုပ်ဖဲ့ခြင်းအား ရှောင်ပါ

လက်တွေက နေရာအစုံ ၊ အရာဝတ္ထု ပစ္စည်းအစုံကို ထိတွေ့ ကိုင်တွယ်လေ့ရှိတာကြောင့် ဖုန်နဲ့ ဘက်တီးရီးယားပိုးမွှားတွေ များစွာ ကပ်ညှိတွယ်နေတတ်ပါတယ်။

မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာအသားအရေကို ထိတွေ့ ကုပ်ဖဲ့တာဟာ ဝက်ခြံတွေထွက်လာစေသလို ရှိနေတဲ့ ဝက်ခြံတွေကိုလည်း ပိုးဝင်စေကာ အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် လက်နဲ့ မျက်နှာအသားအရေကို ထိတွေ့ကိုင်တွယ်တာမျိုး သတိထား ရှောင်ကြဉ်သင့်ပါတယ်။

(၃) အသားအရေနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်ပစ္စည်းတွေ အသုံးပြုပါ

ကိုယ်ရဲ့အသားအရေက ဘယ်လို Skin Type မျိုးလဲဆိုတာ သိဖို့လိုပြီး ကိုယ့်အသားအရေနဲ့ ကိုက်ညီမှန်ကန်မှုရှိတဲ့ သဘာဝ အလှကုန်ပစ္စည်း တွေကိုသာ ရွေးချယ်သုံးသင့်ပါတယ်။

တချို့သော ဓာတုပစ္စည်းတွေပါဝင်တဲ့ အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေဟာ မျက်နှာအရေပြားပေါ်မှာ အဆီထုတ်လုပ်မှု ပိုများစေတာကြောင့် ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေ ပိုဖြစ်လာစေပါတယ်။

ဒါကြောင့် Skincare ပစ္စည်းတွေဝယ်တဲ့အခါ အသားအရေနဲ့ ကိုက်ညီမှုရှိမရှိ ၊ ဓာတုပစ္စည်းတွေ ပါမပါကို တစ်ချက်စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၄) ကျန်းမာရေးနဲ့ အညီ စားသောက်နေထိုင်ပါ

သကြားနဲ့ ဆားပါဝင်မှုများတဲ့ အစားအစာတွေ ၊ ဆီကြော်တွေ ၊ လက်ဖက်ရည် ၊ ကော်ဖီ စတဲ့ အစားအသောက်တွေဟာ ဝက်ခြံဖြစ်လာစေဖို့ တွန်းအားပေးပါတယ်။ အလားတူ စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်ခြင်းတွေဟာလည်း အသားအရေကို ညစ်နွမ်းပျက်စီးစေပြီး ဝက်ခြံတွေ ထွက်လာစေနိုင်ပါတယ်။