ဆံပင်ဆေးဆိုးချင်တဲ့ သူတို့အနေနဲ့ ဘယ်လိုအချက်လေးတွေကို ဆောင်ရ ရှောင်ရမလဲဆိုတာ သိပြီးပါပြီလား။ ဒီဆောင်ရန်ရှောင်ရန် အချက်လေးတွေကို သိထားမှသာလျှင် ကိုယ့်ရဲ့ ဆံကေသာက နူးညံ့ပျော့ပျောင်းပြီး အမိုက်စား ဆံပင်စတိုင်လ်လေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဆံပင်ဆေးဆိုးဖို့ ပြင်နေတဲ့သူတို့အားလုံး အမိုက်စား ဆံပင်ကေလေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် အချက်များကို ချက်ချင်းလက်ငင်း အသုံးချလိုက်ပါ။

ကွာလတီကောင်းသော ဆိုးဆေး Conditioner နှင့် Hair Serum တို့ ရွေးချယ်ပါ

Hair Saloon ဆီ ရောက်သွားပြီဆိုတာနဲ့ ကိုယ်က ဘယ်ဆိုးဆေးအမျိုးအစားထဲက အသုံးပြုချင်သလဲဆိုတာ စတင်ရွေးချယ်ရမှာဖြစ်ပါတယ်။ ဆံကေသာ မပျက်စီးစေချင်သူများကတော့ ကွာလတီကောင်းကောင်း ဆိုးဆေးများကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

ဆိုးဆေး အမျိုးအစား ရွေးချယ်ပြီးပြီဆိုရင်တော့ အရောင်အမျိုးအစားကို ဆက်လက်ရွေးချယ်နိုင်ပါတယ်။ ပြီးရင်တော့ ခေါင်းလျှော်ရည် အကောင်းစား၊ Conditioner နှင့် Hair Serum အကောင်းစားတို့ အသုံးပြုပေးရမှာဖြစ်ပါတယ်။

ဆံပင်အတွက် အချိန်ပေးပါ၊ အလျင်မလိုပါနှင့်

မအားတဲ့ရက်မှာ ဆံပင်သွားမဆိုးပါနဲ့။ ကိုယ် တစ်နေကုန် အားတဲ့ရက်မှာပဲ စိတ်ဖြောင့်ဖြောင့်နဲ့ ဆံပင်သွားဆိုးလိုက်ပါ။ ဆံပင် ဆိုးနေတုန်း တန်းလန်းနဲ့ Hair Stylist ကို မပြီးသေးဘူးလား၊ ပြီးတော့မှာလား ဆိုပြီး သွားမလောပါနဲ့။ စိတ်ရှည်သည်းခံမှသာလျှင် ကိုယ် လိုချင်တဲ့ ဒီဇိုင်းလေးကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်လား။

ဆိုးဆေးများကို ပျက်စီးနေသော ဆံသားပေါ်တွင် မဖြုန်းတီးပါနှင့်

ဆိုင်မသွားဘဲနဲ့ ကိုယ့်ဘာသာ ကိုယ် အိမ်မှာ ဆိုးတဲ့သူတွေ ရှိကြပါတယ်။ ဒီအချက်ကတော့ သူတို့အတွက်ပဲဖြစ်ပါတယ်။

တချို့ဆံကေသာတွေက အဖျား နှစ်ခွ ဖြစ်နေတာမျိုး၊ ပျက်စီးနေတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီလို ပျက်စီးနေတဲ့ နေရာတွေပေါ်မှာ ဆိုးဆေးတွေကို အလဟဿ သွားဖြုန်းတီးမနေပါနဲ့။ အလကားဖြစ်သွားပါလိမ့်မယ်။

အကောင်းဆုံးကတော့ အဖျားနှစ်ခွ ဖြစ်နေတဲ့ နေရာတွေကို ညှပ်ထုတ်လိုက်ရမှာပဲဖြစ်ပါတယ်။ ပြီးမှ ဆံပင် ဆက်လက် ဆေးဆိုးနိုင်ပါတယ်။

ကိုယ် လိုချင်တဲ့ ဒီဇိုင်းကာလကို ပွင့်ပွင့်လင်းလင်း ပြောပြပါ

ဆံပင်ဆေးဆိုးတဲ့အခါ ကိုယ် လိုချင်တဲ့ ဒီဇိုင်းကာလကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ကိုယ့်အကြောင်း သိပြီး စိတ်ရှည်လက်ရှည် ပြုလုပ်ပေးနိုင်တဲ့ သူဆီမှာပဲ ဆံပင်သွားဆိုးဖို့ အကြံပေးချင်ပါတယ်။

ရေနွေးပူဖြင့် ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ပါ

အိမ်ပြန်ရောက်လာပြီး နှစ်ရက်၊ သုံးရက်လောက်ကြာလို့ ခေါင်းလျှော်ချင်တဲ့အခါ ရိုးရိုးရေနဲ့ပဲ ခေါင်းလျှော်ရပါမယ်။ နောက်ရက်တွေ ခေါင်းလျှော်မယ်ဆိုရင်လည်း ရိုးရိုးရေနဲ့ပဲ ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်။ ရေနွေးပူနဲ့ ခေါင်းလျှော်တဲ့အခါ ဦးရေပြား ပျက်စီးသွားပြီး ဆံကေသာ ခြောက်သွေ့ ကြမ်းတမ်းသွားနိုင်ပါတယ်။