မိန်းကလေးတစ်ယောက်မှာ လှပပြီးသန့်စင်တဲ့ လက်ချောင်းလေးတွေရှိနေဖို့က အရေးကြီးပါတယ်။ ခြေသည်းလက်သည်းလေးတွေ သန့်ရှင်းပြီးလှပနေရင် ဒီလူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုက ဘယ်လိုမျိုးလည်းဆိုတာကို တွေးကြည့်လို့ရပါတယ်။ မိန်းကလေးတစ်ယောက်အတွက်လည်း အရေးကြီးတဲ့ ခြေသည်း လက်သည်းလေးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရောင်ရင့်တာတွေကိုရှောင်ပါ

အရောင်ရင့်တဲ့လက်သည်းနီတွေက ဆိုးလိုက်တဲ့အခါမှာတော့ လှပပြီးအရမ်းဆွဲဆောင်မှုတွေ ရှိနေတယ်ဆိုပေမယ့်လည်း လက်သည်းနီကိုပြန်ဖျက်တဲ့အခါမှာတော့ လက်သည်းမှာအစွန်းထင်းဖြစ်စေပြီး လက်သည်းတွေကိုလည်း ဝါနေစေပါတယ်။

ဒီလိုမျိုး အရောင်ရင့်တာတွေကို ဆိုးချင်တယ်ဆိုရင်တော့ လက်သည်းနီမဆိုးခင်မှာ Base Coat ကိုအရင်ဆိုးပေးဖို့လိုပါတယ်။

Base Coat ဆိုးဖို့မမေ့ပါနဲ့

လက်သည်းနီဆိုးတဲ့အခါမှာ Base Coat ကအရေးကြီးဆုံးပါပဲ။ Base Coat မဆိုးဘဲ ဒီတိုင်းပဲလက်သည်းနီဆိုးလိုက်မယ်ဆိုရင် လက်သည်းတွေကိုပျက်စီးဖို့ တွန်းအားပေးသလိုဖြစ်နေတော့တာပေါ့။ ဒါကြောင့် လက်သည်းနီဆိုးတော့မယ်ဆိုရင် Base Coat ကိုမဖြစ်နေဆိုးပေးရမယ်နော်။

Top Coat ဆိုးဖို့

Top Coat ဆိုတာကလည်း လက်သည်းနီဆိုးပြီးသွားတဲ့အခါမှာ မဖြစ်မနေကိုဆိုးပေးဖို့လိုအပ်ပါတယ်။ Top Coat ဆိုးပေးမှ လက်သည်းနီကြာရှည်ခံဖို့အတွက် အထောက်အကူဖြစ်ပြီး လက်သည်းနီအရောင်လေးကိုလည်း ပြောင်ပြောင်လေးနဲ့လှနေမှာပါ။

အရောင်ဖျော့ဖျော့လေးတွေ

လက်သည်းနီဆိုးတဲ့အခါမှာ အရောင်ဖျော့ဖျော့လေးတွေကို ဆိုးရင်ပိုပြီးတော့ လှပပြီးလက်သည်းလေးတွေ ထိခိုက်မှုကိုလည်း လျော့ချနိုင်တာပေါ့။ ပုလဲရောင်၊ အဖြူရောင်နဲ့ ပန်းနုရောင်၊ အသားရောင်တွေက လက်သည်းမှာ အစွန်းအထင်းဖြစ်တာမျိုးတွေ မရှိစေနိုင်တော့ပါဘူး။

လက်သည်းလေးတွေကို ညှိပေးပါ

လက်သည်းလေးတွေကို တစ်ပတ်တခါညှိပေးတာက အကောင်းဆုံးပါပဲ။ လက်သည်းလေးတွေ ပုံစံမှန်ပြီးလှပနေဖို့အတွက် တစ်ပတ်ကိုတစ်ခါလောက် တံစည်းလေးနဲ့တိုက်ပြီး ဂရုစိုက်ပေးပေါ့။

လက်သည်းအားဖြည့်ဆီ

လက်သည်းအားဖြည့်ဆီဆိုတာက လက်သည်းအတွက်လိုအပ်နေတဲ့ အရာတွေကိုပြန်လည်ဖြည့်တင်းပေးနိုင်ပြီး လက်သည်းလေးတွေကိုလည်း လှပစေပါတယ်နော်။

လက်သည်းနီမဆိုးဘဲနေကြည့်ပါ

လက်သည်းလေးတွေမှာ ကောင်းကောင်းအသက်ရှူဝဖို့လည်း လိုအပ်တာဆိုတော့ လက်သည်းနီမဆိုးပဲနေကြည့်တာမျိုးကို တစ်ပတ်လောက်တော့လုပ်ကြည့်သင့်တယ်နော်။