သဘာဝအတိုင်းပန်းရောင်သမ်းနေတဲ့ လက်သည်းကြည်ကြည်လေးရဖို့ဆိုရင် သင်ကိုယ်တိုင်က ကိုယ့်လက်သည်းအတွက် လိုအပ်တဲ့ ဆောင်ရန်ရှောင်ရန် ဂရုစိုက်နည်းတွေကို သိထားပေးရပါမယ်။ သေချာဂရုမစိုက်ဘဲထားတဲ့ လက်သည်းတွေဟာ အရောင်ညစ်ပြီး ကျိုးပဲ့လွယ်သလို မကောင်းတဲ့ လက်သည်းနီတွေ၊ ဖုန်တွေ၊ ရေတွေနဲ့ ထိရာကတစ်ဆင့် ပိုးဝင်တဲ့အထိ ဖြစ်တတ်တာကြောင့် သင့်ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။

ဒီလိုမဖြစ်ရအောင် လက်သည်းကျန်းမာရေးအတွက် ပုံမှန်လုပ်ပေးရမယ့်အရာတွေနဲ့ ရှောင်ရမယ့်အရာတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။ ဒီတော့ ဘာတွေလုပ်ပေးဖို့လိုမလဲ ကြည့်လိုက်ရအောင်ပါ။

၁။ လက်သည်းတွေကို သန့်စင်အောင်ထားပါ

လက်သည်းမှာ အညစ်အကြေးတွေ ကပ်ကျန်နေတာမျိုးမဖြစ်ရအောင် ဆပ်ပြာ၊ ရေနွေးနွေးတို့ကိုအသုံးပြုပြီး သေချာသန့်စင်ပေးဖို့လိုပါတယ်။ ဒါမှ ဘက်တီးရီးယားတွေကြောင့် လက်သည်း ကျိုးပဲ့လွယ်တာတွေ မဖြစ်စေမှာပါ။

၂။ အစိုဓာတ်ထိန်းပေးတဲ့ Hand Cream တွေ လိမ်းပေးပါ

အစိုဓာတ်ထိန်းပေးနိုင်တဲ့ Vitamin ဓာတ်တွေပါဝင်တဲ့ Nail Cream (သို့) Hand Cream တွေလိမ်းပေးတာက သင့်လက်သည်းကို ခြောက်သွေ့ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ Chemical နည်းပြီး ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် ထုတ်ကုန်တွေအသုံးပြုပေးပါ။ လိမ်းပြီးနောက်မှာ လက်သည်းတစ်ဝိုက်ကို နှိပ်နယ်ပေးတာကလည်း လက်သည်းအတွင်းပိုင်းထိ အစိုဓာတ်ရပြီး ကြည်လင်စေပါလိမ့်မယ်။

၃။ Base Coat ဆိုးပေးပါ

အရောင်ပါတဲ့လက်သည်းနီတွေနဲ့ ခဏခဏထိတွေ့တာက သင့်လက်သည်းကိုဝါညစ်ညစ်ဖြစ်ပြီး ခြောက်သွေ့ပျက်စီးလွယ်ပါတယ်။ ဒီလိုမဖြစ်ရအောင် လက်သည်းနီဆိုးခါနီးတိုင်း မဖြစ်မနေ Base Coat တစ်ထပ်ခံပြီးမှ ဆိုးသင့်ပါတယ်။

၄။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ စားသောက်မှုပုံစံရှိပါစေ

အစားအသောက်က ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်မှုရှိတာမို့ လက်သည်းအတွက်လည်း အလားတူပါပဲ။ ဒါကြောင့် ကျန်းမာတဲ့ လက်သည်းကြည်ကြည်လေးတွေရဖို့ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ မျှမျှတတ စားပြီး ရေများများသောက်ပေးပါ။ လက်သည်း ခြောက်သွေ့ပြီး အက်ကွဲစေတတ်တဲ့ သကြားနဲ့ ကဖင်းဓာတ်များတာတွေကို ရှောင်ဖို့လိုပါတယ်။

၅။ လက်သည်းပုံမှန်ညှိပေးပါ

လက်သည်းရှည်လာတဲ့အခါ မညီဘဲပဲ့ထွက်တာတွေမဖြစ်ရအောင် လက်သည်းအနားလေးတွေကို ပုံမှန်ညှိပေးပြီး ပုံသွင်းပေးဖို့လိုပါတယ်။

၆။ လက်သည်းကိုက်တဲ့အကျင့်ရှိရင်ပြင်ပါ

လက်သည်းကိုက်တာက သင့်လက်သည်းကိုရော သွားကိုပါ ထိခိုက်စေပါတယ်။ လက်သည်းအရှည်ထားဖို့လည်းခက်သလို ကျိုးပဲ့ပြီး ကြည့်ရဆိုးသွားစေတာကြောင့် သင်လိုချင်တဲ့ ကျန်းမာတဲ့လက်သည်းရဖို့အတွက် အလှမ်းဝေးသွားစေမှာပါ။

၇။ လက်သည်းနီ ခဏခဏမဆိုးပါနဲ့

လက်သည်းနီမှာ Chemical ပါဝင်တာမို့ လက်သည်းနီခဏခဏဆိုးတာကိုရှောင်ပြီး လက်သည်းကို အနားပေးဖို့ မမေ့သင့်ပါဘူး။ လက်သည်းဖျက်ဆေးတွေနဲ့ထိတာကလည်း လက်သည်းပျက်စီးလွယ်စေတာမို့ တစ်ခါတစ်လေမှ သုံးတာမျိုးလုပ်ပေးပါ။

၈။ ကိုယ့်မှာရှိတဲ့ လက်သည်းပြဿနာတွေကို အာရုံစိုက်ပေးပါ

ပျက်စီးနေတဲ့လက်သည်းကို သေချာဂရုမစိုက်ဘဲထားတာက လက်သည်းအရှည်နှေးစေသလို သင့်လက်သည်းကို ပိုကြည့်ရဆိုးစေပါတယ်။ ဥပမာအနေနဲ့ လက်စွယ်ငုတ်တာ၊ လက်သည်းခွံကွာနေတာတွေ ဖြစ်နေတဲ့အချိန် လုံးဝပြန်မကောင်းသေးဘဲ လက်သည်းနီဆိုးတာမျိုး မလုပ်မိအောင် သတိထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar