မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်တွေထဲမှာ အဆိုးဆုံးကတော့ ဝက်ခြံတွေပဲ ဖြစ်မှာပါ။ အအိပ်အစားအချိန်မမှန်တဲ့ အချက်တွေကလည်း ဝက်ခြံတွေကို လက်ယပ်ခေါ်နေသလို ဖြစ်စေတတ်ပါတယ်။

ဝက်ခြံကင်းစင်ပြုံးပျော်ရွှင်နိုင်စေဖို့ ဆောင်ရန်ရှောင်ရန်အချက်တွေ ဖော်ပြပေးလိုက်ရပါတယ်။

(၁) တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ

တစ်ကိုယ်ရည်သန့်ရှင်းမှုက ကိုယ်ရောစိတ်ပါလှပစေမယ့် အဓိကသော့ချက်ဖြစ်သလို မျက်နှာအသားရေထိန်းသိမ်းမှုအတွက်လည်း အလွန်အရေးပါပါတယ်။ နေ့တစ်နေ့ရဲ့အစမှာသာမက အိပ်ရာမဝင်ခင်အချိန်မှာလဲ မျက်နှာသစ်ပေးဖို့ အထူးလိုအပ်ပါတယ်။

တနေ့တာ သွားလာလှုပ်ရှားရင်း တင်ကျန်နေတတ်တဲ့ အညစ်ကြေးတွေကို နေ့စဥ်သန့်စင်ပေးခြင်းဖြင့် ဝက်ခြံများကို ကာကွယ်နိုင်ပါတယ်။ သတိထားရမယ့်အချက်ကတော့ တစ်နေ့၂ကြိမ်ထက်တော့ မပိုစေဖို့ပဲဖြစ်ပါတယ်။

(၂) နူးညံ့တဲ့ မျက်နှာသုတ်ပုဝါ ပြောင်းသုံးပါ

ကြမ်းတမ်းတဲ့ မျက်နှာသုတ်ပုဝါမျိုးနဲ့ သုတ်ရင်ဂျီးပြောင်သလို ခံစားရစေတတ်ပေမယ့် တကယ်တော့ အသားရေရဲ့အပေါ်ယံလွှာကို ပွန်းတီးစေပြီး မလိုလားတဲ့ဝက်ခြံနဲ့ အနာတရတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်ခုကစပြီး နူးညံ့တဲ့ပုဝါ/မျက်နှာသုတ်ဖို့ သီးသန့်ထုတ်ထားတဲ့ Cotton towel မျိုးရွေးချယ်သုံးဖို့ တိုက်တွန်းပါရစေ။

(၃) လက်နဲ့ မညှစ်မိအောင်နေပါ

ဝက်ခြံနဲ့ မှန်က ရန်သူတွေဆိုလဲမမှားပါဘူး။ မှန်ကြည့်မိလို့ ဝက်ခြံဖုမြင်တာနဲ့ လက်နဲ့ကလိပြီး ရန်စချင်စိတ်တွေ တဖွားဖွားပေါ်လာတတ်စေလို့ပါ။ အကြမ်းနည်းနဲ့ဖြေရှင်းလို့ရတဲ့အရာထဲမှာ မပါရေးချမပါတာကတော့ ဝက်ခြံတွေပါပဲ။

ဝက်ခြံတို့ဟူသည် ဖိလေကြွလေ ညှစ်လေပွါးလေမို့ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်လို့ နှလုံးသွင်းပြီးသာနေဖို့ အကြံပြုပါရစေ။