ကိုယ် အမှန်တကယ် ချစ်မြတ်နိုးသူနဲ့ Relationship တစ်ခု တည်ဆောက်ပြီးသွားရင် ဘယ်သူမဆို ရေရှည်တည်မြဲချင်ကြတာပဲ မဟုတ်ပါလား။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ချစ်နေလျက်သားနဲ့ ရပ်စဲလိုက်ရတဲ့ Relationship တွေ၊ ပျက်စီးသွားရတဲ့ Relationship တွေလည်း ရှိပါတယ်။

တစ်ခါတစ်ရံ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်နေသော်လည်း အတူတူရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတာ့ ချစ်ရသူနှစ်ဦးအတွက် ဘယ်လိုမျိုးအကြောင်းတရားတွေက ချစ်နေသော်လည်း ဝေးကွာ စေနိုင်တာလဲဆိုတာ ဝေမျှပေးမှာ ဖြစ်ပါတယ်။

ယုံကြည်မှု ဆုံးရှုံးခြင်း

ဘယ် Relationship ကိုမဆို တည်ဆောက်တဲ့နေရာမှာ ယုံကြည်မှုနဲ့ တည်ဆောက်ဖို့ အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေကြတဲ့ ဆက်ဆံရေးတစ်ခုမှာ လိုအပ်တဲ့ အခြေခံအကျဆုံး ခံစားချက်ကို‌ ပြောပါဆိုလျှင် တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ယုံကြည်မှုကပေးတဲ့ စိတ်လုံခြုံမှုပါပဲ။

ဘယ်လောက်ပဲ ချစ်နေပါစေ၊ သံသယတွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးတစ်ခုက ဘယ်လိုမှ ပျော်ရွှင်စရာမကောင်းပါဘူး။ ဒီအချက်ကို အချိန်မှီ ညှိနှိုင်းပြင်ဆင်မှု မလုပ်ဘူးဆိုရင် ချစ်နေလျက်နဲ့ ဝေးကွာရမှာ ရာနှုန်းပြည့်ပါပဲ။

လေးစားမှုမရှိခြင်း

ချစ်နေသော်လည်း ဝေးကွာစေမယ့် နောက်ထပ်အကြောင်းအရင်း တစ်ခုကတော့ လေးစားမှုမရှိခြင်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိဖို့ဆိုတာ ဘယ်လို ဆက်ဆံရေးတွင်မဆို အရေးကြီးပါတယ်။ တစ်ခုခုကို ဆုံးဖြတ်တာ၊ ညှိနှိုင်းတာမှာ ကိုယ့်ရဲ့ ထင်မြင်ချက်၊ ယူဆချက်တွေကလည်း အရေးကြီးသလို တစ်ဖက်သားရဲ့ ဆုံးဖြတ်ချက်များကိုလည်း လေးစားလိုက်နာပေးပါ။

ဒါ့အပြင် ကိုယ့်ချစ်သူဆိုပြီး မလေးမစားဆက်ဆံတာမျိုး၊ လက်လွတ်စပယ်ပြောဆိုတာမျိုး မလုပ်ပါနဲ့။ ထို့အတူ အပြုအမူအပြောအဆိုများကိုလည်း လေးလေးစားစားနဲ့ ဆက်ဆံပေးတာဟာ တစ်ဖက်သားအပေါ်ကိုယ့်ရဲ့ အလေးထားမှုကို ပြသရာလည်း ရောက်ပါတယ်။

သဝန်တိုလွန်းခြင်း

သမီးရည်းစား ဆက်ဆံရေးမှာ တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုတဲ့ အခြေအနေလေးတွေက ချစ်ဖို့ကောင်းပြီး ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါတယ်။ သို့သော်လည်း အလွန်အကျွံဖြစ်လာရင်တော့ ချစ်ခြင်းထက်ကျော်လွန်ပြီး အဆိပ်အတောက် ဖြစ်လာနိုင်ပါတယ်။

အမျိုးသားဘက်ကဖြစ်ဖြစ်၊ အမျိုးသမီးဘက်ကဖြစ်ဖြစ် အရာရာကို သံသယဖြစ်ကာ မယုံသင်္ကာစိတ်နဲ့ သဝန်တိုလွန်းပြီး ထိန်းချုပ်တာဟာ ဘယ်လောက်ပဲချစ်လို့ဖြစ်ပါစေ၊ မမှန်ကန်ပါဘူး။ ဒီအချက်ကြောင့်ပဲ လူနှစ်ဦးကြားထဲမှာ မကြာခဏပြဿနာတတ်တာ၊ ရန်ဖြစ်တာ စသည်တို့ ဖြစ်လာနိုင်ပါတယ်။ ထိန်းချုပ်ခံရတဲ့တစ်ဖက်သားဟာ ဒီ Relationship အပေါ်မှာမပျော်တော့ဘဲ မွန်းကျပ်လာမှာပါ။ ဒါဆိုရင်တော့ ဝေးကွာဖို့ အကြောင်းဖန်လာနိုင်ပါတယ်။

နားလည်မှုမရှိခြင်း

တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ အချက်တွေ သို့မဟုတ် ဘယ်လောက်ကြီးမားတဲ့ ပြဿနာပဲ ဖြစ်ပါစေ၊ ဘယ်လိုအားနည်းချက်ပဲဖြစ်ပါစေ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းမှု၊ နားလည်မှုအပြည့်နဲ့ရှေ့ဆက်သွားရင် သာယာပျော်ရွှင်ပြီး ရေရှည်တည်မြဲတဲ့ Relationship တစ်ခုဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း နားလည်မှုမပေးနိုင်ရင်တော့ ဘယ်လောက်ပဲ ချစ်နေပါစေ ရေရှည်မှာ ရှေ့ဆက်ဖို့ ခဲယဉ်းမှာပါ။

ဆက်ဆံရေး ကျဲပါးလာခြင်း

တစ်ခါတစ်ရံမှာ ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေရတဲ့အခါ ချစ်စ၊ ခင်စ ကလောက် အဆက်အသွယ် မလုပ်နိုင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ချစ်နေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှု မခံစားရတာ၊ အကြောင်းအရာများ မျှဝေဖို့ အချိန်တွေနည်းလာတာ စတာတွေကလည်း ဝေးကွာဖို့ အကြောင်းတရားတစ်ခုပါပဲ။

ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ဘဝရည်မှန်းချက်တွေ၊ ဦးစားပေးမှုတွေ မတူညီတာကလည်း ချစ်သူနှစ်ဦးကို ဝေးကွာစေနိုင်ပါတယ်။ ဒါ့အပြင် အတူတူရှိနေချိန်မှာတောင် အခြားအရာများကို အာရုံပိုစိုက် မိနေတယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဖို့ အချိန်နည်းသွားပြီး ဆက်ဆံရေး ကျဲပါးလာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်အမှန်တကယ် ချစ်တဲ့သူနဲ့ မဝေးကွာချင်ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ညှိနှိုင်းသင့်ပါတယ်။ ချစ်တဲ့သူတိုင်း ထာဝရတည်မြဲနိုင်ပါစေလို့ ဆန္ဒပြုလျက်…………