လေ့လာတွေ့ရှိချက်များအရ လူတစ်ယောက်ဟာ ပျှမ်းမျှအားဖြင့် တစ်နေ့မှာ (၅၂) မိနစ်ခန့် အတင်းပြောကြပါသတဲ့။ အတင်းပြောတာ မကောင်းဘူးလို့ ထင်ကြပေမယ့် အကျိုးရှိတယ်ဆိုတဲ့အကြောင်း လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က စိတ်ပညာရှင် Megan Robbins နဲ့ အဖွဲ့ဟာ အတင်းပြောခြင်းနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ခဲ့ကြပါတယ်။

Photo : Cosmopolitan

သူတို့ဟာ လူပေါင်း (၄၆၇) ဦးကို သူတို့ရဲ့ ပြောစကားတွေကို မှတ်တမ်းတင်ထားနိုင်မယ့် စက်တွေတပ်ဆင်ပေးခဲ့ကြပြီး လေ့လာတွေ့ရှိခဲ့ရတာကတော့ လူတစ်ယောက်ချင်းစီဟာ တစ်နေ့မှာ ပျမ်းမျှ (၅၂) မိနစ်ခန့် အတင်းပြောကြပြီး အဲဒီထဲက (၁၅) ရာခိုင်နှုန်းကသာလျှင် မကောင်းတာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ထပ်ပြီးတွေ့ရှိခဲ့ရတာကတော့ အမျိုးသားများဟာလည်း အမျိုးသမီးများကဲ့သို့ အတင်းပြောကြပါသတဲ့။ တကယ်တော့ အတင်းပြောခြင်းဟာ ကျွန်တော်တို့အတွက် ကောင်းမွန်ပါတယ်။ အတင်းစကားတွေကြောင့်ပဲ ကျွန်တော်တို့က ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကာကွယ်နိုင်သွားတယ်။ အတင်းစကားတွေကပဲ အုပ်စုတွေထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့လည်း ကူညီပေးသလို အုပ်စုထဲ ဘယ်သူ့ကို ထည့်မယ်၊ ဘယ်သူ့ကိုထုတ်မယ် ဆိုတာကိုလည်း ရွေးချယ်နိုင်ဖို့ ကူညီပေးပါတယ်။

Photo : ExecuTeam

အတင်းစကားတွေကြောင့် ဘယ်သူကတော့ ကောင်းတယ်၊ ဘယ်သူကတော့ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သိလာစေပါတယ်။ ပြီးတော့ ထပ်တွေ့ရတာက အတင်းပြောခြင်းရဲ့ (၁၅) ရာခိုင်နှုန်းကလည်း ကျွန်တော်တို့အတွက် ကောင်းတယ်လို့ တွေ့ရှိရပါတယ်။

ဘယ်လိုကောင်းလဲဆိုတော့ အခြားသူတွေက ကျွန်တော်တို့ရဲ့မကောင်းကြောင်းတွေ ပြောနေကြတဲ့အခါမှာ ကျွန်တော်တို့က ကျွန်တော်တို့မှာ လိုအပ်နေတာ အဆင်မပြေတာကို သိရပြီး ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ကျွန်တော်တို့ ခံစားရကောင်းခံစားရနိုင်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဲဒါကို အခွင့်အရေးတစ်ခုအနေနဲ့ အသုံးချပြီး ကျွန်တော်တို့ဘဝတိုးတက်အောင် ပြုလုပ်နိုင်ပါတယ်။

Photo : Flipboard

အတင်းပြောခြင်းက မကောင်းတာမဟုတ်ဘူးဆိုပေမယ့် တစ်ဖက်သားထိခိုက်အောင်တော့ မပြောသင့်ပါဘူး။ အတင်းပြောခြင်းကို ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ သိရစေတဲ့ အလ္လာပသလ္လာပတစ်ခုအနေနဲ့သာ အသုံးပြုသင့်ပါတယ်။