သင့်ရဲ့ ခေါင်းလျှော်တတ်တဲ့ပုံစံက သင့်ဆံကေသာကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ သင်သိပါသလား။ လူတိုင်း ဆိုင်မှာပဲ အမြဲတမ်းလိုလို ခေါင်းမလျှော်နိုင်ကြပါဘူး။ အလုပ်မအားလို့ပဲဖြစ်ဖြစ် အချိန်မပေးနိုင်လို့ဖြစ်ဖြစ် ငွေကို အလဟဿ မသုံးချင်လို့ပဲဖြစ်ဖြစ်ပေါ့။

သင့်ဆံပင် အဖြောင့်ဖြစ်ဖြစ်၊အကောက်ဖြစ်ဖြစ်၊ ဆံပင်လှိုင်းရှိတာပဲဖြစ်ဖြစ် ဆံပင်တိုတို၊ ရှည်ရှည်၊ ထူထူ၊ ပါးပါး ခေါင်းလျှော်ရာမှာ သတိထားရမယ့် အချက်လေးတွေရှိပါတယ်။

၁။ အလွန်အကျွံမလျှော်ပါနဲ့

လေထုညစ်ညမ်းမှုတွေနဲ့ အညစ်အကြေးတွေကြောင့် သင်ခေါင်းလျှော်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့်ခေါင်းကို တစ်နေ့တစ်ခါလျှော်တာမျိုးမဟုတ်ဘဲ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်ပဲလျှော်သင့်ပါတယ်။

၂။ ဦးရေပြား ခြောက်သွေ့ယားယံလာတဲ့အခါ

သင့်ဦးရေပြား ခြောက်သွေ့ယားယံလာတဲ့အခါ သင်သုံးနေတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးလိုက်ပါ။ သင့်ဦးရေပြားက လိုအပ်တဲ့ အဆီကို အလုံအလောက်မထုတ်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆရာဝန် (သို့) တတ်သိနားလည်တဲ့သူနဲ့ တိုင်ပင်ပြီး ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။

၃။ ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပါ

ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို ခပ်ကြမ်းကြမ်းကုတ်တာမျိုးမဟုတ်ဘဲ ဦးရေပြားကို ညင်သာစွာနဲ့ နှိပ်နယ်ပေးသင့်ပါတယ်။ ဒါဟာ သင့်ဦးရေပြား သွေးလည်ပတ်မှုကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

၄။ ရေပူပူကိုရှောင်ပါ

ခေါင်းလျှော်တဲ့အခါမှာ ရေအေး (သို့) ရိုးရိုးရေနဲ့ လျှော်တာပိုသင့်တော်ပါတယ်။ ရေပူပူက သင့်ဆံပင်ကို ပိုပြီး ကျွတ်စေသလို ဦးရေပြားကို ခြောက်သွေ့စေပြီး ဗောက်ပိုဖြစ်စေပါတယ်။

၅။ ခေါင်းလျှော်ရည်ကို နည်းနည်းဆီသုံးပါ

ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို အများကြီးတခါတည်းထည့်လိုက်တာမဟုတ်ဘဲ နည်းနည်းဆီနဲ့ ဦးရေပြားအနှံ့ဆံပင်အရင်းကနေ အဖျားထိထည့်ပေးပါ။ ပြီးရင် ရေဆေးချတဲ့အခါ သေချာလေး ပြောင်အောင် ဆေးချပေးပါ။

၆။ ဆံပင်သုတ်တဲ့အခါ ဖိပြီး ဖွဖွသုတ်ပါ မပွတ်ပါနဲ့

ဆံပင်ရေစိုစိုကို တဘက်နဲ့ ခပ်ကြမ်းကြမ်းသုတ်တာဟာ ဆံသား မျက်နှာပြင်ကို ပိုပြီး ကြမ်းတမ်းစေပါတယ်။ ဆံပင်ရေစိုစိုကို သုတ်ရာမှာ တဘက်နဲ့ ဖိပြီး ခပ်ဖွဖွလေးသုတ်ပေးပါ။

၇။ ဘီးကြဲသုံးပါ

ဆံပင်ရေစိုတဲ့အခါ ဘီးကြဲကြဲနဲ့ ဆံပင်ကို ဖြီးပေးပါ။

၈။ ပေါင်းဆေးသုံးပါ

ခေါင်းလျှော်ပြီးရင် ပေါင်းဆေးသုံးပါ။ ပေါင်းဆေးသုံးရာမှာလည်း ဦးရေပြားကို မထိစေဘဲ ဆံပင်အဖျားလေးတွေကိုသာ လိမ်းပေးပါ။