ညဘက်မှာ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားတဲ့သူတွေလား၊ ဒါမှမဟုတ် အိပ်ရာပေါ်မှာ ဟိုလူး ဒီလှိမ့်နဲ့ အချိန်အတော်ကြာမှ အိပ်ပျော်တတ်တဲ့သူတွေလား။

နောက်နေ့မှာ လုပ်ရမယ့်အလုပ်တွေအတွက် စောစောအိပ်ချင်ပေမယ့် အိပ်မရတဲ့ရောဂါကြောင့် စိတ်ညစ်နေပါသလား။

စိတ်ဖိစီးမှုဒဏ်ခံရတဲ့အခါ၊ ဒါမှမဟုတ် စိတ်လှုပ်ရှားခြင်းကြောင့် အိပ်မရဖြစ်တတ်ပါတယ်။ မနက်ဖြန်မှာ အရေးကြီးတဲ့ ပွဲတစ်ခုခုရှိတဲ့အခါ စိတ်အရမ်းလှုပ်ရှားပြီး အိပ်မပျော်ဖြစ်တတ်တာကို စာဖတ်သူတို့ ကြုံဖူးကြမှာပါ။

တစ်မိနစ်အတွင်း အိပ်မောကျစေမယ့် နည်းလမ်းလေးကို ဒီည အိပ်ခါနီးမှာ စမ်းကြည့်လိုက်ပါ။

၄-၇-၈ စက္ကန့်

ဒီနည်းလမ်းလေးကို “၄-၇-၈ စက္ကန့်” လို့ အမည်ပေးထားပါတယ်။ အရင်ဦးဆုံး သက်သောင့်သက်သာဖြစ်မယ့်အနေအထားအတိုင်း အိပ်ဖို့လှဲလျောင်းလိုက်ပါ။ ဖုန်းသုံးတာလည်း ရပ်လိုက်ပါ။ အိပ်ပျော်ဖို့ အဆင်သင့်ပြင်ထားပါ။

အသင့်ဖြစ်ပြီဆိုတာနဲ့ နှာခေါင်းကနေတစ်ဆင့် ၄ စက္ကန့်ခန့် ဖြည်းညင်းစွာ အသက်ရှုသွင်းလိုက်ပါ။ ထို့နောက် ၇ စက္ကန့်ခန့် အသက်အောင့်ထားပါ။ ပြီးမှ ပါးစပ်ကနေတစ်ဆင့် ၈ စက္ကန့်ခန့် အသက်ပြင်းပြင်းရှုထုတ်လိုက်ပါ။

ဒီနည်းလမ်းက လွယ်လွယ်လေးပဲ တကယ်ရော အလုပ်ဖြစ်ပါ့မလားလို့ သံသယရှိတယ်ဆိုရင်တော့ ဒီနေ့ညပဲ စမ်းလုပ်ကြည့်လိုက်ပါ။

အိပ်ပျော်စေတဲ့ ဆေးရည်ဖော်စပ်ပါ

ဒီနည်းလမ်းအသုံးမပြုချင်ဘူး တခြားနည်းလမ်းရော မရှိတော့ဘူးလား ဆိုရင်တော့ အိပ်ပျော်စေတဲ့ဆေးရည် ဖော်စပ်ရမှာပဲဖြစ်ပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံ၊ ပင်လယ်ဆား စားပွဲတင်ဇွန်း ၈ ပုံ ၁ ပုံနဲ့ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါမယ်။

ထိုပါဝင်ပစ္စည်းတွေကို ရောမွှေလိုက်ပြီး သောက်ချလိုက်ပါ။ ဒီအတိုင်းသောက်လို့လည်းရသလို၊ ရေနွေးနွေးလေးတစ်ခွက်နဲ့ ရောသောက်လည်း ရပါတယ်။ ညအိပ်ရာ ဝင်ခါနီးမှာ သောက်သုံးမယ်ဆိုရင်တော့ တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေမှာပဲဖြစ်ပါတယ်။

အိပ်ရေးပျက်တာက ကြာရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေကို ဖယ်ရှားနိုင်မှ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာဖြစ်လို့ အိပ်မပျော်တဲ့ရောဂါ ဒီထက်ပို မဆိုးဝါးလာခင်မှာ မြန်မြန်ကုသပေးလိုက်ပါ။

ကောင်းစွာအိပ်စက်အနားယူနိုင်မှ ကိုယ်လုပ်စရာရှိတာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။