ယနေ့ခေတ်အမျိုးသမီးအများစုကို ကြည့်မယ်ဆိုရင် အင်မတန်ကြည့်လို့ကောင်းကြတာကြောင့် တခါတလေဆိုရင် သူတို့အသက်ကို ၂၀ ဝန်းကျင် လောက်သာ ရှိသေးတယ်လို့တောင် အထင်မှားတတ်ကြပါတယ်။ သူတို့ရဲ့ လှပနုပျိုတဲ့မျက်နှာအသွင်အပြင်သာမက အပြုအမူ၊ အသံနဲ့ ကိုယ်အမူအယာတွေကပါ ကျက်သရေရှိကြတာကြောင့် ၃၀ ကျော်ကို ၂၀ ကျော်လောက်ဆိုပြီး အထင်မှားကြတာလည်း မဆန်းပါဘူး။

ဒါဆိုရင် ၂၀ ကျော်အရွယ်တုန်းကနဲ့ ၃၀ ကျော်အရွယ်တွေကြားမှာ ဘာတွေကွာခြားသွားလဲ၊ ဘာကြောင့် အသက်ရလာတဲ့အမျိုးသမီးတွေက သူတို့ငယ်ချိန်တုန်းကထက် ပိုပြီးကြည့်လို့ကောင်းလာကြတာလဲဆိုတာကို ဒီဆောင်းပါးလေးဖတ်ပြီး အဖြေရှာကြည့်လိုက်ရအောင်ပါ။

အသက်အရွယ်၊ အသေးအဖွဲကိစ္စတွေအပေါ် သိပ်ဂရုမစိုက်တော့ဘူး

အသက်အရွယ်ရလာတာနဲ့အမျှ ကိစ္စအများအပြားနဲ့ပတ်သက်ပြီး သိပ်ပြီးခေါင်းမပူတတ်ကြတော့ဘဲ အေးအေးဆေးဆေးတွေးလာတတ်ပါတယ်။ ဒီလိုကိစ္စတွေထဲမှာ အများစုအာရုံထားကြတဲ့ အသက်နဲ့ အခြားလူများရဲ့ထင်မြင်ချက်တွေလည်း ပါပါတယ်။ ၃၀ ကျော်အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုပိုပြီးယုံကြည်ချက်ရှိလာကြလို့ တခြားလူတွေ ကိုယ့်အပေါ်ဘယ်လိုတွေးထင်လဲဆိုတာကို သိပ်ပြီးခေါင်းထဲမထားတော့ပါဘူး။ ဒီအချက်ကြောင့်လည်း သူတို့ကို ပိုပြီးစိတ်ဝင်စားစရာကောင်းစေပြီး ဆွဲဆောင်မှုပိုရှိစေတာလည်းဖြစ်ပါတယ်။

ခေတ်ဖက်ရှင်ရေစီးကြောင်းအလိုက် ဝတ်စားဆင်ယင်တယ်

ယနေ့ခေတ်အမျိုးသမီးအများစုက တူညီတဲ့ မိတ်ကပ်နဲ့ ဝတ်စားဆင်ယင်မှု Trends တွေကို အတူတူလေ့လာအသုံးချနေကြတာမို့ ၂၀ ကျော်နဲ့ ၃၀ ကျော်ကို ခွဲခြားပြောဆိုဖို့ဆိုတာ အင်မတန်ခက်ခဲလွန်းလှပါတယ်။ ၂၀ ကျော်အရွယ်ပဲဖြစ်ဖြစ် ၃၀ ကျော်အရွယ်ပဲဖြစ်ဖြစ် အားလုံးက အမျိုးသမီးတွေပဲ ဖြစ်ကြတဲ့အတွက် တူညီတဲ့မိတ်ကပ် Style ကိုလိမ်းနေကြသလို ကွဲပြားခြားနားမှုမရှိ ဂျင်းဘောင်းဘီတွေ၊ တီရှပ်တွေကို ဝတ်နေကြတာပါပဲ။

ဈေးကြီးတဲ့ပစ္စည်းအသုံးအဆောင်တွေကို ဝယ်နိုင်သုံးနိုင်လာတယ်

အသက် ၃၀ အရွယ်ရောက်ပြီဆိုတာနဲ့ အမျိုးသမီးအများစုက သူတို့ဘာလုပ်ချင်လဲဆိုတာကို သေချာနားလည်သဘောပေါက်လာကြတဲ့အတွက် စီးပွားရေးအကွက်လည်းမြင်လာကြပါတယ်။ စီးပွားရေးမလုပ်ချင်သေးဘူးဆိုရင်တောင် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ပြီးပါပြီ။ ပိုက်ဆံလည်းလုံလုံလောက်လောက် စုဆောင်းမိနေပြီမို့ ဈေးကြီးတဲ့အဝတ်အစားတွေကို ဝယ်ဝတ်တာ၊ အလှပြင်ဆိုင်တွေကိုသွားတာ၊ အသားအရေထိန်းသိမ်းတာမျိုးတွေကိုလည်း စိတ်ပေါ့ပေါ့ပါးပါးနဲ့ လုပ်နိုင်လာကြပါတယ်။

ကိုယ့်ရဲ့ပင်ကိုယ်စတိုင်လ်ကို ရှာတတ်သွားပြီ

အသက် ၃၀ ကျော်လာတဲ့ အမျိုးသမီးတွေဟာ သူတို့နဲ့ဘာကလိုက်တယ် မလိုက်ဘူးဆိုတာ သဘောပေါက်ပြီး အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေကို ဝယ်သုံးဖို့အတွက် လုံလောက်တဲ့ပိုက်ဆံလည်း ရှိနေပြီဖြစ်တာမို့ ကိုယ်ရဲ့ပင်ကိုယ်စတိုင်လ်က ဘာဖြစ်မလဲဆိုတာကို အေးအေးဆေးဆေး ရှာဖွေတတ်ပါပြီ။

ကိုယ့်ကိုယ်ကို လေးစားမှုရှိတယ်

ရည်းစားနဲ့ရန်ဖြစ်လို့ တစ်ညလုံးထိုင်ငိုတာမျိုး၊ စာမေးပွဲကျလို့ စိတ်ညစ်တာမျိုး၊ အထက်လူကြီးအဆူခံရတာမျိုး စသဖြင့် အကြောင်းအရင်းအမျိုးမျိုးကို ကိုယ့်ဘဝမှာကြုံတွေ့ရနိုင်ပါတယ်။ အသက် ၃၀ အရွယ်အမျိုးသမီးတွေကတော့ ဒီလို Negative အခြေအနေတွေကြုံလာတဲ့အခါ ထိုင်ငိုနေမယ့်အစား ခေါင်းအေးအေးထားပြီး ဖြည်းဖြည်းချင်းဖြေရှင်းသွားတတ်ပါတယ်။ ကိုယ့်အတွက်အရေးသိပ်မကြီးတဲ့ အခြေအနေတွေကြောင့် အဖိုးတန်တဲ့ ကိုယ့်ရဲ့အချိန်တွေကို အလဟဿအကုန်မခံတော့ပါဘူး။

ကိုယ်ဘာလိုချင်လဲသိတယ်

အသက် ၂၀ ကျော်အရွယ်မှာ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေ မျိုးစုံရှိတတ်ပြီး ပရော်ဖက်ရှင်နယ်လမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက် အမြဲရှာဖွေနေတတ်ပါတယ်။ အသက် ၃၀ ရောက်တဲ့အခါမှာတော့ သူတို့ဘဝမှာလိုချင်တာ၊ ဖြစ်ချင်တာက ဘာလဲဆိုတာကို သေချာသဘောပေါက် နားလည်လာပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်ရှိဖို့အတွက် မျိုးစုံကြိုးပမ်းလာကြပါတယ်။