ဝိတ်ကျဖို့အတွက်ဆိုရင် နေ့တစ်နေ့အတွင်း ကိုယ်စားလိုက်တဲ့ ကယ်လိုရီထက် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏက ပိုများဖို့လိုတာကိုတော့ စာဖတ်သူတို့အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီ့အတွက် အစားတစ်ခုတည်း လျှော့စားရုံနဲ့ မလုံလောက်ပါဘူးနော်။ တကယ်တမ်း ဝိတ်ချတဲ့နည်းမမှန်တဲ့အခါ ဘာမှမထူးဘဲ အချိန်တိုအတွင်း ဝိတ်ပြန်တက်လာမှာပါ။ ဒီလိုမဖြစ်ရအောင် လိုချင်တဲ့ဝိတ်ရပြီး ထိန်းထားနိုင်ဖို့ လိုက်နာရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပရိုတင်းစားပါ


ဝိတ်ကျဖို့အတွက် တစ်နေ့တာမှာ ပရိုတင်းဓာတ်ပါတဲ့ အစားအသောက်တွေကို မပါမဖြစ်စားဖို့ လိုပါတယ်နော်။ ပရိုတင်းဓာတ်က နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်လွယ်ပြီး အစာခံတာမို့ သရေစာခဏခဏ စားချင်စိတ်မဖြစ်အောင် ထိန်းလိုက်သလို ဖြစ်မှာပါ။ အဆီလည်း သိပ်မတက်ဘဲ ကြွက်သားတွေ သန်မာလာစေပါလိမ့်မယ်။

တစ်ပတ်ကို ၅ နာရီအနည်းဆုံး လှုပ်လှုပ်ရှားရှားနေပါ


ဝိတ်ကျချင်သူတွေအနေနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် ဟိုနားဒီနား လမ်းလျှောက်တာမျိုးပဲဖြစ်ဖြစ် တစ်နေ့ကို ပျမ်းမျှ ၄၅ မိနစ်နဲ့ တစ်ပတ် အနည်းဆုံး ၅ နာရီပြည့်အောင် လှုပ်လှုပ်ရှားရှားနေပေးပါနော်။ ဒါက သင့်ကို အစားများတဲ့နေ့တွေမှာတောင် ပုံမှန်လေးကယ်လိုရီလောင်ကျွမ်းမှုရှိနေအောင် ကူညီပေးမှာပါ။

Strength Training လုပ်ပေးပါ


Strength Training လို့ခေါ်တဲ့ အလေးမ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ကျစ်ပြီး ရေရှည်ဝိတ်ထိန်းနိုင်ဖို့ အရမ်းထိရောက်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုလည်း မြန်စေတာမို့ လေ့ကျင့်ခန်းအတွက် Strength Training တွေကိုပါ တွဲလုပ်ပေးပါ။

အိပ်ရေး ၀ ဖို့အရေးကြီးပါတယ်


ဝိတ်ချတဲ့အခါ အိပ်ရေးဝဖို့လည်း လိုပါတယ်။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်အားလျော့ပြီး လန်းလန်းဆန်းဆန်း မရှိတာမို့ လေ့ကျင့်ခန်းလုပ်ဖို့၊ အစားလျှော့ဖို့ ခက်ခဲတတ်ပါတယ်။ ဒါ့အပြင် Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းလည်း များစေတာမို့ အစာခြေစနစ် ကမောက်ကမဖြစ်ပြီး ဗိုက်မှာ အဆီတွေစုလာမှာပါ။

ကျန်းမာတဲ့ Lifestyle ကိုပြောင်းလဲပါ


ကိုယ့်ရဲ့ Lifestyle ကိုပါပြောင်းလဲပြီး အကျင့်မလုပ်ပေးသရွေ့ ဝိတ်ကခဏပဲကျပြီး အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ။ ဒါကြောင့်မို့ ဝိတ်ချပြီဆိုတာနဲ့ အစားအသောက်နဲ့လေ့ကျင့်ခန်းကို ကျန်းမာရေးနဲ့ညီပြီး ရေရှည်သွားနိုင်မယ့်ပုံစံမျိုး ရွေးကာ အကျင့်ရတဲ့အထိ ပြောင်းလဲပေးပါ။

Photo Source: Pinterest

By MyStyle Myanmar