ဒစ်ဂျစ်တယ်ခေတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေ သုံးဖို့လိုတယ်ဆိုပေမယ့် အားလပ်ချိန်တိုင်းကိုတော့ ဖုန်းတွေပေါ်မှာပဲ မကုန်ဆုံးသင့်ပါဘူး။ ဖုန်းတွေနဲ့ အချိန်ကုန်နေတဲ့နေရာမှာ အခုပြောပြမယ့်အရာတွေ အစားထိုးလုပ်ဆောင်ခြင်းဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချလိုက်ပါ။ ‌

စာဖတ်ပါ

သင်က စာအုပ်တအုပ်ကို အပြီးသတ်ဖတ်မယ်တွေးတိုင်း အချိန်မရှိဘူးလို့ပဲ တွေးမိနေပါသလား။ ဒါဆို သင့်ရဲ့ဆိုရှယ်မီဒီယာ အသုံးပြုချိန်တွေကိုလျော့ပြီး အခုပဲစာအုပ်ကိုင်လိုက်ပါ။ စာအုပ်မပြီးမချင်း ဖေ့စ်ဘုတ်မဖွင့်ပါနဲ့။

တကယ်လို့ စာအုပ်က တနေ့တည်းမပြီးတဲ့ စာအုပ်မျိုးဆိုရင် နောက်ရက်တွေလဲ ဖုန်းကိုင်တဲ့အချိန်ကို ကန့်သတ်လိုက်ပါ။ ဒါဆို တစ်လအတွင်းကို စာအုပ်တအုပ်ထက်မက ဖတ်ဖြစ်ပါလိမ့်မယ်။

စကားလက်ဆုံပြောပါ

စကားလက်ဆုံပြောတယ်ဆိုတဲ့နေရာမှာ Messenger ကနေ ဖုန်းခေါ်စကားပြောတာမျိုးမဟုတ်ဘဲ တကယ့်အပြင်မှာ စကားပြောဆိုဖို့ကို ဆိုလိုပါတယ်။ သင့်ရဲ့ မိသားစုနဲ့ဖြစ်စေ၊ အိမ်နီးနားချင်းမိတ်ဆွေနဲ့ဖြစ်စေ အတူတူ ထမင်းစားရင်း စကားပြောတာမျိုးပါ။

ဒါမှမဟုတ် သင့်မှာကလေးတွေရှိရင်လဲ ကလေးတွေနဲ့ သူတို့သဘောကျမယ့်စကားလေးတွေ ပြောလို့ရပါတယ်။ စကားစမြည်ပြောပေးတာက သင်တယောက်ထဲလို့ မခံစားရစေဘဲ အဆက်အသွယ်ရှိတယ်လို့ ခံစားရစေပါတယ်။

တီဗွီအစီအစဉ်တွေကြည့်ပါ

တီဗွီစခရင်ကြည့်တာနဲ့ ဖုန်းစခရင်ကြည့်တာ ဘာမှမထူးဘူးထင်ရပေမယ့် သင်နှစ်သက်တဲ့ တီဗွီအစီအစဉ်တွေ ကြည့်တာက ဖုန်းပဲနှိပ်နေတာထက် အများကြီးကွာခြားပါတယ်။ ပေါ့ပါးတဲ့ အိမ်နေရင်းဘောင်းဘီတစ်ထည်ဝတ်ပြီး ပြောင်းဖူးပေါက်ပေါက်စားရင်း ရုပ်ရှင်ကြည့်ရတဲ့အရသာကို သင်သိတယ်မလား။ ဒါဆို အခုပဲလက်ထဲက ဖုန်းကိုချပြီး တီဗွီသွားဖွင့်လိုက်ပါ။

တရေးအိပ်ပါ

အခုခေတ်မှာ လူတော်တော်များများက အိပ်ချိန်မပြည့်ကြပါဘူး။ နေ့လည်ဘက်မှာ ၁၅ မိနစ်လောက်တရေးအိပ် ပေးတာက သင့်ကိုမယုံနိုင်လောက်အောင် ပြန်လည်လန်းဆန်းစေပါတယ်။ ဒါ့အပြင် ခေတ္တတရေးအိပ်ပေးတာက သင့်ဦးနှောက်မှတ်ဉာဏ်ကောင်းကိုစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေကာ ဖန်တီးနိုင်စွမ်းလဲကောင်းစေပါ တယ်။