တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်တယ်ဆိုတဲ့ စုံတွဲတွေအကြားမှာတောင် စိတ်မချရတဲ့ သဝန်တိုခြင်း တစ္ဆေဟာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ခြောက်လှန့်တတ်ပါတယ်။ တကယ်လည်း ချစ်ခြင်းမေတ္တာဆိုတာ အပြစ်အနာအဆာ မကင်းတဲ့ လက်ဆောင်တစ်ခုပါ။ ဒီလက်ဆောင်ရဲ့ အတွင်းမှာ ချစ်သူအချင်းချင်း သဝန်တိုစေတဲ့ ခံစားချက်တစ်မျိုးလည်း မြုပ်ကွယ်ပြီး ပါနေပါတယ်။

ဘယ်စုံတွဲမှ မလိုချင်တဲ့ ဒီခံစားချက်ဆိုးကြီးကို နှင်ထုတ်လို့ရမယ့် နည်းလမ်းတွေ သိမယ်ဆိုရင် ပိုပြီး သာယာဖြောင့်ဖြူးတဲ့ ဘဝခရီးကို ဆက်သွားနိုင်မှာပါ။

(၁) ကိုယ်သဝန်တိုမိတဲ့ အကြောင်းတရားကို ဖော်ထုတ်ပါ

ကိုယ်မသိတဲ့ အရာတစ်ခုကို ပြောင်းလဲလို့မရပါဘူး။ ဒီလိုပါပဲ။ ကိုယ်ချစ်တဲ့သူအပေါ်မှာ သဝန်တိုမိလာပြီဆိုရင် ဘယ်လိုအကြောင်းကြောင့် ဖြစ်တာလဲ ရှာဖို့လိုပါတယ်။ ကိုယ့်အတွေးထဲက သဝန်တိုမှုအကြောင်းကိုလည်း မေးခွန်းထုတ်ပြီး အကြောင်းအရာရှာဖို့က ပထမအဆင့်ဖြစ်ပါတယ်။

(၂) အတိတ်တွေနဲ့ဆိုင်သလား

စိတ်မချရဘူးဆိုတဲ့ ခံစားချက်ဟာ တစ်ချိန်ချိန်က ရှိခဲ့တဲ့ အငုံ့စိတ်လား ဆိုတာ အမှန်အတိုင်း ကြည့်နိုင်အောာင် လုပ်ရပါတယ်။ ဥပမာ- ကိုယ်ကလေးဘဝက ပတ်ဝန်းကျင်မှာ လိမ်ညာတတ်တဲ့ ချစ်သူစုံတွဲတို့၊ လင်မယားတို့မြင်ဖူးတာကနေ စုံတွဲတွေဆိုတာ ဒီလိုပဲ အချင်းချင်း ညာနေကြပါသလားဆိုတဲ့ အတွေးဝင်သွားတာမျိုး ရှိမရှိ ပြန်ကြည့်ပါ။

ဒါကို သိရင် ပြဿနာဟာ သူမဟုတ်ဘဲ ကိုယ်ဆိုတာ နားလည်ပြီး လက်ခံတတ်လာပါလိမ့်မယ်။ နောက်တစ်ခုက ကိုယ့်အတွေးပဲ မှန်တယ်ဆိုတဲ့ တစ်ဖက်သတ်အမြင်တွေကို ဖယ်ခွာဖို့လိုပါတယ်။ ဒါဆိုရင် တစ်ယောက်ကို တစ်ယောက် ပိုသိလာပြီး ခွင့်လွှတ်တတ်လာပါလိမ့်မယ်။

(၃) ခံစားချက်နဲ့ချည်း ဆုံးဖြတ်လို့ မရပါဘူး

တစ်ချို့တွေက ပါးစပ်စည်းမစောင့်တတ်ပါဘူး။ စိတ်ထဲ ရှိတာနဲ့ထုတ်ပြောလိုက်တာဟာ တစ်ချိန်မှာ နောင်တအကြီးကြီး ရောက်လာဖို့တံခါးဖွင့်တယ်ဆိုတာကို သတိရပါ။ ဒီနေရာမှာ ရှေးစကားဖြစ်တဲ့ မပြောခင်စဉ်းစား ဆိုတဲ့ ဆုံးမချက်ကို လက်ကိုင်ထားသင့်ပါတယ်။

ကိုယ့်ကိုယ်ကို ပိုထိန်းချုပ်တတ်လာအောင် သင်ကြားပါ။ ဒီအလေ့အကျင့်က အချစ်ရေးမှာ ပိုပြီး အဆင်ပြေလာစေမယ့် သော့ချက်ထဲ ပါဝင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် လက်တွဲတယ်ဆိုရာမှာ အဆင်မပြေမှုတွေ ၊ မသေချာမရေရာဖြစ်မှုတွေက ပုံမှန်ဖြစ်စဉ် ဖြစ်ရပ်တစ်ခုပါ။ ဘာမှ ထူးခြားနေတာ မဟုတ်ပါဘူး။ ဒီတော့ စိတ်မချဖြစ်နေတယ်ဆိုရင် ဒါကို ပုံမှန်ပဲလို့လက်ခံဖို့လိုပါတယ်။ ဒီလိုအဆင်မပြေတိုင်း ခံစားချက်ကို ရှေ့တန်းတင်ပြီး ပေါက်ကွဲနေမယ်ဆိုရင် မှားသွားမှာပါ။

(၄) ဆက်သွယ်ပါ ၊ သိအောင်လုပ်ပါ

ကိုယ့်ချစ်သူကို သဝန်တိုမိတာတွေပေါ် ဝန်ခံတာ ရှက်စရာမဟုတ်ပါဘူး။ ဒါကို လွယ်လွယ်လေး ပြောလို့ရပါတယ်။ သူ့ကို စိတ်မချဖြစ်နေတယ်လို့။ နှစ်အကြာကြီးတွဲလာတဲ့ စုံတွဲတွေမှာတောင် တစ်ခါတစ်လေ ကောင်လေးက ကိုယ့်ခံစားချက်ကို မသိတာတွေ ရှိတတ်ပါတယ်။ ဒီတော့ အရေးကြီးတာတစ်ခုက သူနဲ့အေးအေးဆေးဆေး အတူထိုင်ရင်း ကိုယ့်ခံစားချက်ကို ချပြတာဟာ အရေးကြီးတဲ့ ဆက်သွယ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

(၅) အရမ်းမချုပ်ချယ်ပါနဲ့

လွတ်မှာစိုးလို့တင်းနေအောင် ဆုပ်ထားရင် အချစ်ရေးဟာ နှစ်ယောက်စလုံးအတွက် နာကျင်စရာတွေပဲ ဖြစ်လာမှာပါ။ ကိုယ့်ရဲ့ စိတ်မချမှုကြောင့် တစ်ဖက်သားကို နှိပ်စက်သလို မဖြစ်ပါစေနဲ့။ ကိုယ့်မှာ အတ္တရှိသလို သူ့မှာလည်း အတ္တရှိတာ သိရဖို့လိုပါတယ်။ သူ့ရဲ့ အပြုအမှုတွေဟာ ကိုယ်ထင်သလို တကယ် သဝန်တိုစရာ ၊ စိတ်မချစရာဆိုရင် ဒီပြဿနာကို ချပြပြီး ဆွေးနွေးအဖြေရှာတာ လုပ်ဖို့လိုလာပါတယ်။

တကယ်ပဲ သူသစ္စာပျက်နေတာ သေချာသိရပြီဆိုရင် ၊ ဘယ်လိုမှ အဖတ်ဆည်လို့မရတော့တဲ့ ဆန့်ကျင်ဘက်ကို နောက်မလှည့်ဘဲ သူထွက်သွားပြီဆိုရင် စွန့်လွှတ်ဖို့ ကြိုးစားပါ။ တစ်ခါတစ်လေမှာ စွန့်လွှတ်လိုက်တာက ဆုပ်ကိုင်ထားတာထက် ပိုကောင်းပါတယ်။