ဝိတ်ချနေပြီဆိုရင် စိတ်ထဲတစ်ခုပြီးတစ်ခုစားချင်လာတာမျိုး ဖြစ်ဖူးကြမှာပါနော်။ ဝိတ်ကျဖို့ အစားလျှော့တာက အစပိုင်းမှာတော့ အစားရှောင်ဖို့လွယ်ပေမယ့် ရက်ကြာတာနဲ့အမျှ ဆက်လုပ်ဖို့ ခက်လာတတ်ပါတယ်။ ဒီလိုနဲ့ ဗိုက်ဆာလာတဲ့အချိန် ကယ်လိုရီများတာတွေစားတာ၊ လိုတာထက်ပိုစားတာမျိုးလုပ်မိရင် ရှေ့က ချထားတာတွေ အချည်းနှီးဖြစ်သွားမှာပါ။ ဒီလိုမဖြစ်ရအောင် ဝိတ်ချနေချိန် လိုတာထက်ပို မစားဖို့ စိတ်ကိုလှည့်စားနိုင်အောင် ကူညီပေးမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ကယ်လိုရီပါဝင်မှုနည်းတာကို အစားထိုးပါ


အရင်ဆုံး နည်းနည်းလေးစားလိုက်တာနဲ့ ချက်ချင်းဝိတ်တက်တာမျိုးမဖြစ်ရအောင် ကယ်လိုရီပမာဏကို အာရုံစိုက်ဖို့ လိုပါတယ်နော်။ ကယ်လိုရီနည်းတာကို ဗိုက်ပြည့်အောင်စားတာက ကယ်လိုရီများတာတွေ စားလိုက်တာထက်စာရင် ဝိတ်တက်နိုင်ချေနည်းပါတယ်။ များသောအားဖြင့် အသီးအရွက်နဲ့ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေက အဆီနည်းပြီး အစာချေဖို့လွယ်တာမို့ ကယ်လိုရီများတဲ့ အဆီအဆိမ့်တွေနေရာမှာ ဒါတွေကိုအစားထိုးပေးပါ။

၂။ ပရိုတင်းပါတာတွေ ဖြည့်စားပါ


ပရိုတင်းပါတဲ့အစားအသောက်တွေက အဆီသိပ်မပါသလို တော်ရုံနဲ့ဗိုက်ပြန်မဆာအောင်လည်း ထိန်းပေးနိုင်တာမို့ ဝိတ်ချနေသူတွေအတွက် အဆင်ပြေပါတယ်နော်။ ငါး၊ ပဲနဲ့ အစေ့အဆံတွေက ပရိုတင်းဓာတ်များတဲ့အစားအသောက်တွေပါ။

၃။ ပန်းကန်သေးတာကို ရွေးပါ


တော်တော်များများက ပန်းကန်ထဲထည့်ထားရင် အကုန်ကုန်အောင်စားတတ်တဲ့အကျင့်ရှိကြပါတယ်။ သင်ကအမြဲပန်းကန်ကြီးကြီးနဲ့ထည့်စားနေကျဆိုရင် ဗိုက်ပြည့်နေရင်တောင် သတိမထားမိဘဲ ကုန်အောင်စားမိနေမှာပါ။ ဒါကြောင့်မို့ စိတ်ကိုလှည့်စားတဲ့အနေနဲ့ ပန်းကန် Size သေးသုံးပြီးစားကြည့်ပါနော်။ မသိမသာနဲ့ ကိုယ်စားတဲ့ပမာဏကို ထိန်းလိုက်ပြီးသားဖြစ်စေပါလိမ့်မယ်။

၄။ အလွယ်ရတဲ့သရေစာတွေ မထားပါနဲ့


အဆီအဆိမ့်နဲ့ အချိုများတဲ့ အစားအသောက်တွေ အိမ်မှာဝယ်ထားတာက အလွယ်ယူလို့ရတာမို့ မသိလိုက်ဘဲ စားမိတာမျိုးဖြစ်တတ်ပါတယ်။ ဗိုက်ဆာတာနဲ့ သရေစာတွေမစားမိအောင် အိမ်မှာရှိတဲ့အစားအသောက်တွေကို ပြန်စစ်ပါ။ မုန့်အချိုတွေအစား ကျန်းမာရေးနဲ့ညီပြီး ဝိတ်သိပ်မတက်တဲ့ အသီးတွေဝယ်ထားသင့်ပါတယ်။

၅။ လက်လွတ်စပယ်မစားမိဖို့လိုပါတယ်

Photo Source: Medical Daily

အချို့အချိန်တွေမှာ တကယ်တမ်းဗိုက်ဆာလို့ထက် ပျင်းလို့စားမိတာမျိုးဖြစ်တတ်တာမို့ မစားခင်မှာ ကိုယ်တကယ်ဗိုက်ဆာနေပြီလား အရင်ချင့်ချိန်ပေးဖို့လိုပါတယ်နော်။ ဗိုက်ဆာလာတာနဲ့ ရေတစ်ခွက် အရင်သောက်ချလိုက်ပြီး အစာအိမ်ငြိမ်သွားအောင်လုပ်လိုက်ပါ။ သင့်အစားစားချင်စိတ်ကို အနည်းနဲ့အများထိန်းနိုင်သွားပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar