ခရီးသွားတယ်ဆိုတာ ကရိကထ သိပ်များပါတယ်။ သွားဖို့လာဖို့ အစီအစဉ်ဆွဲရ ၊ အချိန်ပေးရတဲ့အပြင် ငွေကုန်ကြေးကျကလည်း များတဲ့ကိစ္စပါ။ ဒါကြောင့် နေရာသစ်တစ်ခု သွားရတဲ့အချိန်တိုင်းမှာ ကုန်ထားတဲ့ ငွေနဲ့တန်အောင် မဖြစ်မနေ လုပ်ပေးသင့်တာလေးတွေ ရှိပါတယ်။

(၁) ဒေသထွက် နာမည်ကြီး အစားအသောက်တွေ မြည်းစမ်းပါ

နေရာတိုင်းမှာ သူ့အမှတ်လက္ခဏာဖြစ်တဲ့ အစားအသောက် ၊ အသီးအနှံ နဲ့ ပြန်သယ်လာစရာ လက်ဆောင်ကောင်းတွေ ရှိတတ်ပါတယ်။ ခရီးတစ်ခု သွားတိုင်းမှာ အရသာထူးကဲကောင်းမွန်တဲ့ ဒေသစာတွေ စားပေးဖို့ကို စာရင်းထားသင့်ပါတယ်။

(၂) အထိမ်းအမှတ်နေရာတွေ ရောက်အောင် သွားပါ

ကိုယ်မရောက်ဖူးတဲ့ နေရာတစ်ခု ရောက်တိုင်း အခန်းထဲအောင်းမနေဘဲနဲ့ နာမည်ကျော် အထိမ်းအမှတ်နေရာတွေကို လျှောက်သွားဖို့ အကြံပေးချင်ပါတယ်။ နေရာတိုင်းမှာ နောက်ခံသမိုင်းကြောင်းနဲ့ စိတ်ဝင်စားစရာ ဗဟုသုတယူစရာတွေ ရှိပါတယ်။ ဒါကြောင့် ခရီးသွားရင် ဒေသန္တရ အထိမ်းအမှတ် အဆောက်အဦးနဲ့‌ နေရာတွေ သွားဖို့ တိုက်တွန်းချင်ပါတယ်။

(၃) လျှောက်လည်ပါ

မြို့တစ်မြို့ကို ရောက်ပြီဆိုရင် အားတာနဲ့ မြို့ထဲလျှောက်လည်ပါ။ မြို့ရဲ့အကွက်အကွင်းနဲ့ လူတွေရဲ့ နေထိုင်မှုပုံစံတွေကို လေ့လာပါ။ လမ်းလျှောက်ပြီး မြို့ထဲပတ်တာဟာ ကားနဲ့သွားတာထက် ပိုပြီး မြင်ကွင်းတွေနဲ့ ထိတွေ့ဖြစ်သလို အမှတ်တရတွေလည်း ပိုပြီးရစေပါတယ်။

(၄) ဒေသခံတွေနဲ့ စကားစမြည်ပြောပါ

ခရီးသွားခြင်းဟာ မိုင်တွေကို ဖြတ်ကျော်ပြီး လူတွေနဲ့ တွေ့ဆုံတာပါ။ မြို့ခံလူတွေနဲ့ စကားပြောခြင်းဟာ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို သိရှိမှတ်သားဖို့ အခွင့်အလမ်းတစ်ခုဖြစ်သလို အဲဒီဒေသက လူတွေရဲ့ ယဉ်ကျေးမှု ၊ ဓလေ့နဲ့ အစဉ်အလာတွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(၅) မှတ်တမ်းလေးရေးပါ

ဒါကတော့ အမှတ်တရ ဓါတ်ပုံရိုက်တာထက်တောင် Memory မှာ ပိုပြီး စွဲထင်စေပါတယ်။ ဒိုင်ယာရီစာအုပ်မှာ တစ်နေ့တာ ကိုယ်တွေ့ခဲ့တဲ့ မြင်ကွင်းတွေ ၊ စကားဆိုခဲ့တဲ့ လူတွေ ၊ ကိုယ့်အတွေးအမြင်တွေ ရေးတာဟာ အလွန်ပဲ အသုံးဝင်သလို နောင်တစ်ချိန်မှာ ပြန်ဖွင့်ဖတ်ကြည့်တိုင်း အသစ်ဖြစ်တဲ့ ခံစားချက်နဲ့ ပြန်ပြီး လတ်ဆတ်ကြည်နူးရပါလိမ့်မယ်။