အားနာတတ်တဲ့စိတ်ဆိုတာမျိုးက ကောင်းတဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ အားနာတတ်တဲ့စိတ်ကြောင့် ဒုက္ခရောက်တာလည်း ကိုယ်ကိုယ်တိုင်ပဲဖြစ်နေတတ်တယ်ဆိုတာကို သိထားဖို့တော့လိုပါတယ်။ လူတိုင်းရဲ့အားနည်းတဲ့အကျင့်ကလည်း အားနာတတ်တဲ့စိတ်ပါပဲ။

သည်းခံတတ်တဲ့စိတ်မျိုးဆိုတာ ထားသင့်တဲ့အရာမျိုးဆိုပေမယ့် ဒီလိုမျိုးအရာတွေမှာတော့ သည်းခံစိတ်တွေ၊ အားနာစိတ်တွေကိုထားမနေပဲ ပွင့်ပွင့်လင်းလင်းပြောတာက အကောင်းဆုံးပဲ့ဖြစ်ပါတယ်။ ဘယ်လိုအရာမျိုးတွေကို အားနာသည်းခံမနေပဲ ပြန်ပြောပြသင့်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

သင့်ကိုစိတ်မသက်မသာဖြစ်စေတဲ့သူ

သင့်ကိုစိတ်မသက်မသာဖြစ်အောင်လုပ်တဲ့သူမရှိသရွေ့ သင်လည်းစိတ်ညစ်စရာတွေကို ကြုံတွေ့လာရမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်အောင်လုပ်လာတဲ့သူနေမယ်ဆိုရင်လည်း အားနာနေတာမျိုးတွေမလုပ်ပဲ ပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့ အကျင့်မျိုးရှိတာက ပိုပြီးတော့ကောင်းပါတယ်။ သင့်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို သူများယူကိုင်တာမျိုး ခွင့်ပြုချက်မယူပဲ သုံးလိုက်တာမျိုးတွေက သင့်အတွက်အဆင်မပြေနေဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြလိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်နော်။

လေးစားမှုမရှိပဲဆက်ဆံခံလာရတဲ့အခါ

လူတိုင်းနဲ့ရင်းရင်းနှီးနှီးနေတာ ကောင်းတဲ့အချက်ဆိုပေမယ့် ရောလိုက်ရင်ပေါသွားတယ်ဆိုတဲ့ စကားကလည်းရှိသေးတယ်လေ။ တစ်ချို့နားလည်တတ်တဲ့သူတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက် လေးစားမှုနဲ့ဆက်ဆံတာမျိုးတွေရှိပေမယ့် တစ်ချို့တွေကတော့ ကိုယ့်ကိုလေးစားမှုမရှိပဲ ပေါင်းနေတာမျိုးတွေရှိနေပါတယ်။

ဒီလိုလူမျိုးတွေကို ဆက်သည်းခံပြီးနေနေလိုက်မယ်ဆိုရင် အချိန်ကြာလေ ကိုယ့်အပေါ်လေးစားမှုနည်းပြီး ဆက်ဆံလေဖြစ်လာမှာပေါ့။ ဒီလိုနေရာမျိုးမှာ သူငယ်ချင်းအချင်းချင်းကို ပြောချင်တာမျိုးမဟုတ်ပဲ လုပ်ဖော်ကိုင်ဖက်၊ အခုမှစတွေ့တဲ့သူမျိုးတွေကို ဆိုလိုချင်တာပဲဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို အားနာမနေတော့ပဲ သူတို့ရဲ့ဆက်ဆံပုံတွေကြောင့် သင့်အဆင်မပြေဘူးဆိုတာမျိုးတွေကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်သင့်ပါတယ်နော်။

ကိုယ်မကြိုက်တဲ့သူကချည်းကပ်လာမယ်ဆိုရင်

ကိုယ်မနှစ်သက်တဲ့သူတစ်ယောက်က ကိုယ့်ကိုချဉ်းကပ်ပြီး ချစ်တဲ့အကြောင်းတွေပြောနေတာမျိုးကို စိတ်ထဲမှာမကျေနပ်နေဘူးဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲ မကြိုက်တဲ့အကြောင်း၊ အနားမကပ်ဖို့အကြောင်းတွေကို ကြောက်တာတွေ၊ အားနာတာတွေမရှိပဲ ပြောလိုက်သင့်ပါတယ်။

မလုပ်နိုင်တဲ့အရာမျိုးဆိုရင် ပွင့်ပွင့်လင်းလင်းပြောတတ်ပါစေ

သင့်အတွက်အဆင်မပြေနေတဲ့အရာမျိုး၊ သင်လုပ်ဖို့အဆင်မပြေနေတဲ့ အရာမျိုးကိုလုပ်ရတော့မယ်ဆိုရင် ဘယ်သူကိုမှ အားနာမနေပဲ မလုပ်နိုင်ရင်မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ရင်မဖြစ်နိုင်ဘူးဆိုတာကို သေချာပြောပြတတ်ဖို့လိုပါတယ်။ သင်မလုပ်ချင်နေတာမျိုးကို အားနာပြီလုပ်နေမယ်ဆိုရင် သင့်အတွက်စိတ်ပင်ပန်းမှုတွေပဲ ဖြစ်လာမှာပါနော်။

အားနာသည်းခံတတ်တဲ့အကျင့်မျိုးရှိတာက ကောင်းတယ်ဆိုပေမယ့် ဒီလိုကိစ္စမျိုးတွေကိုတော့ အားနာသည်းခံမနေတော့ပဲ ပွင့်ပွင့်လင်းလင်းပဲပြောပြပေးလိုက်သင့်ပါတယ်နော်။