ဒီနေ့မှာတော့ MyStyle Myanmarရဲ့ ခင်ပျိုမဒီလေးတွေအတွက် ဒုတိယအလှမျက်နှာဖြစ်တဲ့ ဆံနွယ်လေးတွေနဲ့ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ အားလုံးသိထားကြတဲ့အတိုင်းအာလူးထဲမှာ ဆံပင်သန်စွမ်းဖို့အတွက် ကူညီပေးတဲ့ ဗီတာမင်ဘီ၊ ဗီတာမင် စီ၊ ဇင့်နဲ့ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အာလူးက ဦးရေပြားကို သန့်စင်ပေးပြီး ဆံကေသာအမြစ်ရှိမွှေးညှင်းပေါက်တွေကို အားဖြည့်ပေးပါတယ်။ ဒါ့အပြင် ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတို့မှ ကာကွယ်ပေးပြီး ဆံကေသာ ပျော့ပျောင်းတောက်ပြောင်အောင်လည်း ကူညီပေးပါတယ်နော်။

ကဲ..ဒါ့ကြောင့် ဆံကေသာထူထဲလှပစေပြီး အရှည်မြန်စေဖို့အတွက် သဘာဝအာလူးအရည်ကို ဒီလိုနည်းလမ်းလေးတွေနဲ့ အသုံးပြုကြည့်ကြရအောင်…

အာလူးရည် ပြုလုပ်နည်း

အာလူးတစ်လုံးကို ရေဆေးပြီး အခွံခွာလိုက်ပါ။ အာလူးကို အတုံးခပ်သေးသေးတုံးပြီးနောက် သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များရအောင် မွှေလိုက်ပါ။ ရရှိလာတဲ့အနှစ်က ပျစ်နေတယ်ဆိုရင် ရေအနည်းငယ် ရောပေးလိုက်ပါ။ နောက်ပြီး အာလူးအနှစ်တွေကို အဝတ်စသန့်သန့်လေးထဲထည့်ပြီးနောက် ထိုအဝတ်စကို အာလူးအရည်တွေရရှိလာအောင် ညှစ်ချလိုက်ပါ။ ဒါဆိုရင်တော့ ဆံကေသာအလှအပအတွက် အသုံးပြုနိုင်တဲ့ အာလူးအရည်လေး ရရှိသွားပါပြီနော်။

ကဲ..အာလူးအရည်လေးကို ရရှိသွားပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေထဲကနေ ကြိုက်နှစ်သက်ရာတစ်မျိုးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်နော်။

အာလူးရည်သီးသန့်

အာလူးအရည်ကို ဆံကေသာနဲ့ ဦးရေပြားပေါ် သုတ်လိမ်းပြီး ၅ မိနစ်၊ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးအေး (သို့မဟုတ်) ကြက်သီးနွေးရေနွေးလေးဖြင့် ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ကြက်ဥအနှစ်နဲ့ ပျားရည်

အာလူး ၃ လုံး၊ ကြက်ဥ အနှစ် ၁ လုံးနှင့် ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ အာလူးတွေကို စောစောကနည်းလမ်းအတိုင်း အရည်တွေရရှိလာအောင် ပြုလုပ်လိုက်ပါ။ အဲ့ဒီအာလူးအရည်ထဲသို့ ကြက်ဥအနှစ်နှင့် ပျားရည်တို့ကို ရောထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

အာလူးတစ်လုံးမှ ရရှိတဲ့ အာလူးအရည်၊ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါတယ်။ အာလူးအရည်နဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်လေးကို သမအောင် ရောနှောပြီး ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေး (သို့မဟုတ်) ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးလို့ရပါတယ်နော်။

Source: Stylecraze.com