သင်က ဆံပင်ရှည်ထားတဲ့ ကောင်မလေးတစ်ယောက်ဆိုရင် ဆံသား ပြဿနာ တစ်ခုခုလောက်တော့ အမြဲ ကြုံတတ်ပါတယ်။ ဦးရေပြား ဗောက်ထတာ၊ ဆံပင်ဆိုးဆေးကြောင့် ဆံသား ကြမ်းတမ်းတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင် အရှည်နှေးတာ စတာတွေက မိန်းကလေးတိုင်းလိုလို ကြုံရတဲ့ပြဿနာတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံသား ပြဿနာအမျိုးမျိုးအလိုက် လုပ်နိုင်မယ့် DIY နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ အဆီပြန်တဲ့ ဦးရေပြားပိုင်ရှင်တွေအတွက်

ဒီနည်းလမ်းအတွက် ပါဝင်ပစ္စည်း တစ်မျိုးပဲ လိုအပ်ပါတယ်။ နည်းလမ်းကတော့ ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ထဲမှာ ကော်ဖီမှုန့် ထည့်ပေးရပါမယ်။ ဒီနှစ်မျိုးကို ရောမွှေပြီးနောက် Spray ဖြန်းတဲ့ ဘူးလွတ်ထဲ ထည့်ပြီး ခေါင်းမလျှော်ခင် ဦးရေပြားပေါ် ဖြန်းပေးရပါမယ်။ ပြီးရင်တော့ ခေါင်းလျှော်နိုင်ပါပြီ။ ဒီ ကော်ဖီမှုန့်ရဲ့ ဦးရေပြားအတွက် ကောင်းကျိုးတွေကတော့- ဦးရေပြားကို သန့်ရှင်းစေတာ၊ သွေးလည်ပတ်မှု ကောင်းမွန်စေတာ၊ သဘာဝ ဆံပင်အရောင်ကို ထိန်းသိမ်းပေးတာ စတာတို့ ဖြစ်ပါတယ်။

၂။ ဆံပင်ကျွတ်တတ်တဲ့သူတွေအတွက်

ခွက်တစ်ခွက်ထဲကို သံလွင်ဆီ သုံးပုံ ပုံ တစ်ပုံ ထည့်ပေးရပါမယ်။ ပြီးနောက် ဒါကို Microwave ထဲထည့်ပြီး စက္ကန့် ၃၀ အပူပေးတာ ဒါမှမဟုတ် မီးဖိုနဲ့ ခဏတဖြုတ် အပူပေးရပါမယ်။ ရလာတဲ့ သံလွင်ဆီ နွေးနွေးလေးကို ဦးရေပြားနဲ့ ဆံသားပေါ် လိမ်းပေးရပါမယ်။ ဆီနဲ့ သေချာ နှိပ်နယ်ပြီးနောက် နာရီဝက်ကနေ ၂ နာရီ ဝန်းကျင် ထားပေးရပါမယ်။ ဒီအတွင်း Shower Cap နဲ့ အုပ်ထားရပါမယ်။ ဒါပြီးရင်တော့ ပန်းသီးရှာလကာရည် နဲ့ ရေကို ရောကာ ဦးရေပြားပေါ် ဖြန်းပေးရပါမယ်။ ၁၅ မိနစ်ထားပြီးနောက် ခေါင်းလျှော်နိုင်ပါပြီ။

၃။ ဗောက်ပျောက်ဖို့

သင်က ဗောက်ကြောင့် စိတ်ရှုပ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ရေအနည်းငယ်ကိုကျိုကာ ဒီထဲကရဝေးရွက် ၅ ရွက်ကနေ ၆ ရွက်ထည့်ပြီး ၈ မိနစ်ကနေ ၁၀ မိနစ် ထည့်ကျိုရပါမယ်။ ပြီးနောက် ဒီအရည်ကို အအေးခံကာ Spray ဘူးလွတ်ထဲ ထည့်ရပါမယ်။ သင့်ဦးရေပြားပေါ် ဖြန်းကာ မိနစ် ၃၀ ထားပေးရပါမယ်။ ပြီးနောက် ခေါင်းလျှော်ပေးရပါမယ်။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ လုပ်နိုင်ပါတယ်။

၄။ ကြမ်းတမ်းတဲ့ဆံသားအတွက်

Photo Source: The-Pink-Velvet-Blog

ခွက်တစ်ခွက်ထဲကို အုန်းဆီအနည်းငယ် ထည့်ပေးရပါမယ်။ ဒီထဲ ရှားစောင်းလတ်ပတ်ဂျယ် ၂ ဇွန်း ထပ်ထည့်ရပါမယ်။ ပျားရည် အနည်းငယ်ထည့်ကာ မွှေပေးရပါမယ်။ ပြီးနောက် ဒီအနှစ်ကို ဦးရေပြားမှာ မိနစ် ၂၀ ထားပေးရပါမယ်။ ဒါပြီးရင်တော့ နဂိုအတိုင်း ခေါင်းလျှော်နိုင်ပါပြီ။

၅။ ဆံပင်အရှည်မြန်ဖို့

ရှားစောင်းလတ်ပတ် တစ်ချောင်းကို လှီးပေးရပါမယ်။ ပြီးနောက် ဒီထဲ ကြက်သွန်နီတစ်လုံးကို လှီးထည့်ပေးရပါမယ်။ ဒီနှစ်မျိုးကို Blenderထဲ ထည့်ကျိတ်ပေးရပါမယ်။ ဒယ်အိုးထဲကို အုန်းဆီအနည်းငယ်ထည့်ကာ ကျိုပေးရပါမယ်။ ဒီထဲကို ကျိတ်ထားတဲ့အနှစ်ထည့်ရော ရပါမယ်။ ဦးရေပြားပေါ်လိမ်းပြီး ၁၅ မိနစ်ထားပြီးနောက် ခေါင်းလျှော်နိုင်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar