အခုလိုမိုးရာသီမှာ လှိုင်လှိုင်ပေါတဲ့ ရာသီစာလေးဖြစ်တဲ့ သရက်သီးကို အချိုပွဲအနေနဲ့ အရသာရှိရှိနဲ့ သုံးဆောင်နိုင်သလို အသားအရေအလှအပအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်နော်။ သရက်သီးနဲ့ ပေါင်းတင်မယ်ဆိုရင် အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ Antioxidants တွေက အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းကို တားဆီးပေးပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။

အသားအရေအလှအပအတွက် သရက်သီးနဲ့ ဘယ်လိုပေါင်းတင်နိုင်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်…

သရက်သီးနဲ့ နွားနို့

သရက်သီးမှည့်တစ်လုံးနဲ့ နို့စိမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ နို့စိမ်းကို နွေးနေအောင် အပူပေးပြီးနောက် အေးသွားအောင် အအေးခံလိုက်ပါ။ သရက်သီးကို အတုံးသေး လှီးပြီးနောက် အနှစ်များရအောင် ကြိတ်ချေလိုက်ပါ။ ထို့နောက် နွားနို့နဲ့ ရောမွှေပြီးတဲ့နောက် မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၃၀ ခန့် ကြာမှ မျက်နှာသစ်လိုက်ပါ။

သရက်သီးနဲ့ သကြား

သရက်သီးမှည့်တစ်လုံး၊ သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နို့စိမ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ သရက်သီးကို အနှစ်များဖြစ်သွားအောင် ကြိတ်ချေလိုက်ပါ။ ထို့နောက် နွားနို့၊ သကြားတို့နဲ့ ရောနှောလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ အသာအယာသုတ်လိမ်းပြီး လက်ချောင်းလေးများနဲ့ ၁၀ မိနစ်ခန့် ပွတ်တိုက်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာ အခြောက်ခံပြီးမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ရပါမယ်။

သရက်သီးနဲ့ ဘဲဥ

သရက်သီးမှည့် အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဘဲဥတစ်လုံးတို့ လိုအပ်ပါလိမ့်မယ်။ ဘဲဥကို သမအောင် မွှေခလောက်ပြီးနောက် သရက်သီးအနှစ်များနဲ့ ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းလိုက်ပါ။ မိနစ်အနည်းငယ်အကြာ အခြောက်ခံလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

Source: stylecraze.com